သမိုင်းဝင် ဗိုလ်ဗထူးလမ်း

ဆူးငှက်

“၈၄”လမ်းအတိုင်း ဘတ်စ်ကားစီးသွားတိုင်း“စာတိုက်ကွေ့ပါတယ်၊ စာတိုက်ကွေ့ပါတယ်”ဟူသော စပယ်ယာ ၏ အော်သံကိုကြားရ၏။ စာတိုက်ကွေ့မှတ်တိုင်က ၈၄ လမ်း၏တောင်ဘက်အစွန်မှာ ရှိသည်။ စာတိုက်ကွေ့ လွန်တော့ ၈၄ လမ်းက စစ်ကိုင်း-မန္တလေးလမ်းမကြီးအဖြစ် ကျောက်ဆစ်တန်းကွေ့ကြီးမှတစ်ဆင့် ပြောင်းလဲသွားသည်။ ၈၄ လမ်းကတော့ ဘုရားကြီး အနောက်မုခ်ဖြတ်ကာ သံထီးတန်းမှသည် ဟို တောင်ဘက် သားတော်ရဘုရား ဖြတ်ပြီး တမ္ပဝတီထိ ဆက်သွား၏။

တကယ်တော့ စာတိုက်ကွေ့သည် ကွမ်းခြံစာတိုက်ကို အစွဲပြုခေါ်သော အမည်ဖြစ်သည်။ ကွမ်းခြံတောင်ပြင် စာတိုက်ဟု လည်းခါ်၏။ အခုတော့ ကွမ်းခြံ စာတိုက်လည်း ထိုနေရာမှာ မရှိတော့။ ၄၁ လမ်းဘက်ပာင်းသွားပြီဖြစ်၏။ စာတိုက်ကွေ့က အရှေ့ဘက် တက်သွားသော လမ်းကို “ဗိုလ်ဗထူး”လမ်းဟုခါ်သည်။ မန္တလေးမှာက လမ်းနံပါတ်နှင့် မဟုတ်ဘဲ နာမည်တပ် ခေါ်သောလမ်းက များများစားစားမရှိ။ ထိုလမ်းများကိုလည်း မန္တလေးသား စစ်စစ်တွေလောက်သာ လမ်းနာမည်ကို သိနေကြသော်လည်း လမ်းနံပါတ်နှင့် တွဲထားသောအခါ နောက်ပိုင်းတွင်
လမ်းနံပါတ်ကိုသာ လူသိများလာတော့သည်။

ဥပမာ-အာဇာနည်လမ်းကို နောက်လူတွေက ၂၆(ဘီ)
လမ်းအဖြစ်သာ အသိများကြ၏။ ထို့နောက် ယင်းလမ်းကိုပင် ဘုရင့်နောင်လမ်းဟု အမည်ပြောင်းသော်လည်း ၂၆(ဘီ)လမ်း ဟုသာ အခေါ် များသည်။ ထို့အတူ ၈၄လမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းဟု တစ်လျှောက်လုံး သုံးစွဲခဲ့သော်လည်း နှောင်းလူများ မသိကြတော့ပေ။

၃၂လမ်းကို ရှင်စန္ဒိမာလမ်း၊ လမ်း၈၀ကို သခင်ဗဟိန်းလမ်း၊ ၈၁လမ်းကို ဦးရာဇတ်လမ်း ၊ ၈၃ လမ်းကို
ကုန်သည်လမ်း၊ စသည်ဖြင့် အမည်ပေးခဲ့ကြသလို ၂၇လမ်း(၈၁/၈၃ လမ်းကြား)ကို ဘာဘူတန်း၊ ၂၇
လမ်း(၈၆/၈၈ ကြား) ကို ပန်းဆိုးတန်း၊ ၃၁ လမ်း(၈၆/၈၈လမ်းကြား) ဒီဘိုးလမ်း စသည်ဖြင့်
လမ်းနာမည်များ ရှိခဲ့သော်လည်း ယခုတော့ ထိုနာမည်များနှင့် ပြောဆို အမှတ်အသားပြုမှု နည်းလာကာ
လမ်းနံပါတ်တွေကိုပဲ ပြောဆို မှတ်သားလာကြသည်။

သို့သော် ဗိုလ်ဗထူးလမ်းကိုတော့ အများစုက မှတ်မိကာ စွဲစွဲမြဲမြဲခေါ်ဝေါ်ကြတာ ယနေ့အထိဖြစ်သည်။ လမ်းနံပါတ်နှင့် ပြောလေ့မရှိကြ။ ၈၄လမ်းမှ အရှေ့ဘက်အချိုး ဗိုလ်ဗထူးလမ်းဝင်စ ကွမ်းခြံစာတိုက်နှင့် မျက်နှာချင်းဆိုင်တွင် အဆောက်အအုံငယ် တစ်ခုရှိသည်။ ယခုတော့ မူလအဆောက်အအုံငယ် မရှိတော့။ ထို အဆောက်အအုံငယ်မှာ ပါဠိပထမပြန် ဆွမ်းလောင်းအသင်း အလှူငွေ ဓာတ်ဆီဆိုင်ဟောင်းနေရာဖြစ်သည်။ မန္တလေးကား ဘာသာရေးမြို့ဖြစ်သဖြင့် ဘုန်းကြီးကျောင်းတိုက်ကြီးများ ရာချီရှိသည်။ သံဃာတော်များ ထောင်သောင်းချီရှိသည်။ ထိုသံဃာတော်များ စာမေးပွဲကိစ္စ၊ ဆွမ်းကွမ်း ကိစ္စအတွက် လိုအပ်သော အလှူငွေကို ထိုဓာတ်ဆီဆိုင်ဖြင့် ဆွမ်းလောင်းသင်းကြီးက ရှာဖွေခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သောစ်ပေါင်း(၅၀)လောက်ကဖြစ်မှာပေါ့။ ပြောစမှတ်ဖြစ်ခဲ့၊ မှတ်သားစရာဖြစ်ခဲ့သော ဓာတ်ဆီဆိုင်ဖစ်၏။ မန္တလေးမြို့ခံ မြို့မိမြို့ဖဂုဏ်သရေရှိ လူကြီးများ တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

ထိုဓာတ်ဆီဆိုင် ၏တောင်ဘက် ကပ်လျက်က “ သာသနာ ၂၅၀၀” ဓမ္မာရုံရှိ၏။ သာသနာ ၂၅၀၀ပြည့်နှစ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဘာသာရေး အခမ်းအနား၊ အလှူအတန်းများကို ထိုဓမ္မာရုံကြီး၌ပင် ပြုလုပ်ခဲ့သည်။ ယခင်က သာသနာရေး ဆိုင်ရာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားမျိုးဆိုလျှင် ထိုဓမ္မာရုံကြီး၌ပင် ပြုလုပ်လေ့ရှိသည်။ အခု ထို ဓမ္မာရုံကြီးကို အကြီးစား့ြင်ဆင်ကာ ဘာသာရေး လူမှုရေး အခမ်းအနားများအတွက် ငှားရမ်း ကျင်းပနိုင်ရန် စီစဉ်ထားသည်။

သာသနာ ၂၅၀၀ ဓမ္မာရုံကြီး တည်ရှိသော ဝင်းကြီးကို ဘုရားကြီး အနောက်၄၅တာဝင်းဟုခေါ်၏။ ဗိုလ်ဗထူးလမ်း၏ တောင်ဘက်ခြမ်းမှာ ရှိသည်။ အနောက်၄၅တာ ဝင်းကြီးထဲတွင် ယခင်ကာလ ရုံဇာတ်ပွဲများ ထွန်းကားစဉ်က ဝါဆိုလတွင် ဇာတ်ရုံကြီးများထိုးပြီး ရုံဇာတ်ကြီးများသွင်းကာ ကပြလေ့ရှိသည်။ ဗိုလ်ဗထူးလမ်းအတိုင်း အရှေ့တက်သွား အနောက်(၄၅)တာပေါက်နှင့် မျက်စောင်းထိုး လမ်းမြောက်ဘက်တွင် မြင်းဝန်တိုက်တောင်ပေါက်ရှိသည်။ မြင်းဝန်တိုက်ပေါက် အနောက်ဘက် ဗိုလ်ဗထူး
လမ်းပေါ်မှာ ကြေးသွန်းဦးဝင်းမောင်၏ နေအိမ်ရှိ၏။ မန္တလေးတွင် မြန်မာမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဦးဝင်းမောင်(၂)မောင်က နာမည်ကြီးလှသည်။ တစ်ဦးက ယခုကြေးသွန်း ဦးဝင်းမောင်ဖြစ်ပြီး နောတစ်ဦးက မြန်မာမှုဗိသုကာ ဦးဝင်းမောင်(တမ္ပဝတီ)ဖြစ်သည်။

ဆရာဦးဝင်းမောင်(တမ္ပဝတီ)က သမိုင်းသုတေသီ၊ မြန်မာမှုပညာရှင်၊ ပန်းချီဆရာ၊ ပန်းပုဆရာလည်းဖြစ်သည်။။ ဖခင်က ပန်းပုဆရာကြီး ဦးကျော်ငြိမ်းဖြစ်၏။ ဗိုလ်ဗထူးလမ်းပေါ်ရှိ ကြေးသွန်းပညာရှင်
ဦးဝင်းမောင်၏ ဖခင်ကလည်း နာမည်ကျော်ကြးသွန်း ဆရာကြီး ဦးဘရင်ဖြစ်သည်။ ဘုရားဆင်းတုတော်ကြီးများ ကြေးသွန်းရာ၌ နာမည်ကြီး၏။ မဟာမုနိဘုရား ဝင်းကြီးအတွင်းရှိ ကမ္ဘာ့အကြီးဆုံး ချမ်းအေးပြည်သာ အမည်ရှိ “မောင်း””ကြီးကို ကြေးသွန်း ဦးဝင်းမောင်တို့သားအဖက ကောဇာသက္ကရာဇ် ၁၃၃၃ခုနှစ်တွင် သွန်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံခြားရှိ ကြေးသွန်းဆင်းတုတော်ကြီး အတော်များများ၏ လက်ရာမှာ ဦးဝင်းမောင်၏ လက်ရာများဖြစ်၏။ ချောင်း၀ ဆရာတော်နှင့် ရုပ်ရှင်မင်းသားကျော်ဟိန်းတို့ လှူဒါန်းပူဇော်ကြသည့် ကြေးသွန်းဆင်းတုတော် ကြီးကို ကြေးသွန်း ဦးဝင်းမောင်က သွန်းလုပ်စီစဉ်နေဆဲ ကွယ်လွန်သွားရှာခဲ့သည်။ ကြေးသွန်းလုပ်ငန်းကို ယခုအခါ တစ်ဦးတည်းသော သမီး ဒေါ်ညွန့်ညွန့်ဝင်းက အရှိန်မပျက် ဆက်လက်လုပ်ကိုင်နေကြ၏။

တကယ်တော့ ကြေးသွန်းလုပ်ငန်းကား မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်းက ထွန်းကားခဲ့သည့်
အထောက်အထားများ ရှိခဲ့ပါသည်။ ပန်းတဉ်း ခေါ်သော ပန်းတစ်မျိုး အတတ်ပညာလည်း မည်၏။
ရှေးကတည်းက ကြေးသွန်း အတတ်သည် ဘုရားရုပ်ပွား ဆင်းတုတော်များ သွန်းလုပ်ခြင်းဖြင့် ထွန်းကားခဲ့ခြင်းဖြစ်သည်။ အရွယ်ပမာဏ ကြီးမားသော ကြေးသွန်း ရုပ်တုကြီးများဆိုလျှင် တစ်ပိုင်းစီသွန်းလောင်းပြီးမှ ဆက်စပ်ယူရခြင်းဖြစ်သည်။ ယခင်က အနောက်တောင် ကျုံးထောင့်တွင်တည်ရှိခဲ့ပြီး ယခုအခါ ပြည်ကြီးမျက်ရှင် မနောယမ္မံဥယျာဉ်၌ ပြောင်းရွှေ့ထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးကို ကြေးသွန်း ဦးဝင်းမောင်နှင့် ပန်းပုဦးဝင်းမောင် (တမ္ပဝတီ)တို့ ဦးစီး သွန်းလုပ်ခဲ့ကြခြင်းဖြစ်၏။ အလျား ၁၅ပ၊ အနံသုံးပေ၊ အမြင့် ၁၄ပနှင့်ကြးအလေးချိန် လေးတန်ရှိသော မြင်းစီး ကြေးရုပ်ကြီးကို တစ်ပိုင်းစီသွန်းပြီးမှ ဆက်စပ်ယူခဲ့ခြင်းဖြစ်သည်။

ဆင်းတုတော်(သို့မဟုတ်) ကြေးရုပ်တု သွန်းလုပ်မည်ဆိုလျှင် ရှေးဦးစွာ ပုံကြမ်းဖော်ရ၏။ မြေစေးတစ်ထပ်ပေါ် ဖယောင်း တစ်ထပ်ဖြင့် ပုံချောဖော်ရသည်။ မြေနီဖွဲကြမ်း(သို့မဟုတ်) မြင်းချေးမြေစာမှုန့်ထောင်းဖြင့် ပုံကြမ်းဖော်ရခြင်းဖြစ်၏။ ပုံချောဖယောင်းပေါ်တွင် မြေနုမြေကြမ်းကို မံရသည်။ မြေခြောက်မှ ကြေးသွန်းရခြင်းဖြစ်၏။ အပေါ်မြေနု
မြေကြမ်းတွင် ကုလားနို့ခေါ် ကြေးသွန်းအပေါက်ဖောက်ပြီးမှ အရည်ကျိုထားသော ကြေးရည်များကို လောင်းရခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်က ပုံကိုပွတ်စားအချောကိုင် အရောင်တင်ရသည်။

ကြေးသွန်းလုပ်ငန်းတွင် ဆင်းတုတော်များ၊ ရုပ်တုများအပြင် ခေါင်းလောင်း၊ ဆည်းလည်းများကိုလည်း သွန်းလုပ်ကြသည်။ ကြေးသွန်းလုပ်ငန်းအကြောင်းပြောလျှင် ကြေးခတ်လုပ်ငန်းကိုပါ တစ်ပါတည်း ပေါရပေမည်။ ကြေးခတ် လုပ်ငန်းကား ပညာရှင်နည်းပါး၍ တိမ်မြုပ်လုသော လုပ်ငန်းဖြစ်၏။ ကြေးခတ်လုပ်ငန်းက မြန်မာ့တူရိယာများဖြစ်သော ကြေးနောင်ခတ်ခြင်း၊ မောင်းခတ်ခြင်း၊ လင်းကွင်းခတ်ခြင်းတို့ဖြစ်သည်။ မောင်းတစ်လုံးခတ်ရာတွင် မျိုးခဲခေါ် ကြေးခဲကို အပြားကလေးပြုလုပ်ပြီး ဖားဖို၌ မီးတင်လိုက်၊ ထုခတ်လိုက် အကြိမ်ကြိမ်ပြုလုပ်ပြီး မောင်းဘု ပေါ်လာသည်အထိ မီးနှင့်ထုခတ် ပုံဖော်ရသည်။ ပုံပေါ်အောင် ခံပေတုံးပေါ် တင်ပြီး မနားတမ်း ထုရခြင်းဖြစ်သည်။ ဇောက်ခေါ် နုတ်ခမ်းသားကိုလည်း ပြင်ပေါ်တင်ဖော်ရ၏။ ကြေးခတ်ပညာရှင်သည် ကြေးခတ်ခြင်း အတတ်အပြင် မြန်မာဂီတသဘော၊ မြန်မာသံစဉ် သဘောကိုပါ နားလည်ကြရသည်။ မြန်မာတူရိယာပစ္စည်းများ မတွင်ကျယ်ခြင်းနှင့်အတူ ကြေးခတ် လုပ်ငန်းလည်း တိမ်မြုပ်သွားပေဦးမည်။ ဗိုလ်ဗထူးလမ်းပေါ်တွင် မြန်မာ့ရိုးရာ လက်မှုပညာဆိုင်ခန်းများ တခမ်းတနားဖွင့်လာကြ၏။ ယခုအခါ ရုံးခန်းအလှဆင်၊ အိမ်အလှဆင်၊ လက်ဆောင်ပေးကြရာ၌ လက်မှုပညာ ဆိုင်ရာပစ္စည်းများကို အမြင်ကျယ်စွာ တန်ဖိုးထားလာကြခြင်းကြောင့်လည်းဖြစ်သည်။

ဗိုလ်ဗထူးလမ်းပေါ်တွင် သခင်အေးကျော်ကြီး အိမ်လည်းရှိ၏။ မန္တလေးမှ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကိုယ်ကျိုးစွန့်ပါဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး အသင်းကိုလည်း မန္တလေးတွင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ အသက်အရွယ် ကြီးရင့်သည့်တိုင် မျက်မှန်ပါဝါထူကြီးဖြင့် တောင်ဝှေးကြီးထာက်ကာ ရဲဘော်ရဲဘက်များ၏ သာရေးနာရေးဆိုလျှင် ရှေ့ဆုံးက ရောက်လာတတ်သေး၏။ သူလည်း ကွယ်လွန်တာ ကြာပြီ။

အနောက် ၄၅ တာအပေါက်မှာ ဗိုလ်ဗထူးလမ်းအတိုင်း အရှေ့ဘက် အနည်းငယ် တက်မိ၍ လမ်းယာဘက်ဘေးသို့ သတိထားကြည့်မိလျှင် ကိုလိုနီခေတ် ဘုန်းကြီးကျောင်းပုံစံ အုတ်တိုက် အခိုင်အခံ့ကြီး တစ်လုံးကို ဝင်းခတ်ကာ သီးခြားတွ့ရပေလိမ့်မည်။ နှစ်ထပ် အဆောက်အအုံကြီးဖြစ်ပြီး အပေါ်ထပ်နဖူးစည်းတွင် ပန်းရန်၊ ပန်းတော့ပညာဖြင့် အမွမ်းများပင် တခမ်းတနား ထည့်ထားချေ၏။ ထိုအဆောက်အဦးမှာ ကောဇာသက္ကရာဇ် ၁၂၈၀ ခုနှစ်က ဘုရားဖူးများ တည်းခိုရန် အဆောက်အဦးအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်၃၀ကျော်က ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးလည်းဖြစ်ခဲ့၏။ ထို့အရင်က အရှေ့တောင်မြို့နယ်စာရင်းရုံး၊ အရှေ့တောင်မြို့နယ် လုပ်ငန်းစစ်ဆေးရေး ရုံးလည်းဖြစ်ဖူးသည်။ တကယ်တော့ ထို အဆောက်အအုံ၏ ရာဇဝင်က မသေးလှ။

““ရဲဘော်တို့၊ ငါတို့တစ်တွေသည် တိုင်းပြည် လွတ်လပ်ရေးအတွက် ငါတို့၏အသက်ကိုပင် ပဓာနမထားဘဲ တပ်မတော်သား ပီပီ တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း အများသိကြသည်”” အစချီကာ……
““ထို့ကြောင့် ၁၉၄၅ ခု၊ မတ်လ ၈ ရက်နေ့မှစ၍ ငါ၏လက်အောက်တွင်ရှိ စစ်ကိုင်း၊ မန္တလေး၊
သီပေါစသော နယ်မြေများရှိ တပ်များသည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့်ပူးပေါင်းလျက် ဖက်ဆစ်ဂျပန်တို့အား စတင် တိုက်ခိုက်ကြောင်း စစ်ကြေညာလိုက်သည်”” ဟု
လျှို့ဝှက်သတ်မှတ်ထားသည့် မတ်လ၂၇ ရက်နေ့ထက်စောစွာ တော်လှန်ရေးကြေညာချက်ကို တိုင်းမှူးဗိုလ်မှူးဗထူးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ဗမာ့(မြန်မာ့)တော်လှန်ရေးတပ်မတော်၊ အထက်ဗမာ(မြန်မာ)ပြည်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ အဆောက်အအုံကြီး ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ထိုလမ်းကို ဗိုလ်ဗထူးလမ်းဟု ဂုဏ်ပြုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW