အခွန်ရှောင်သူတွေအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲခံရနိုင်

နိုဝင်ဘာ ၂၃ – ၂၀၂၂
SN (VOM)

ပြည်တွင်းက အခွန်ရှောင်တိမ်းသူတွေအနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

အခွန်ရှောင်တိမ်းမှု (Tax Evasion)ကို ကျူးလွန်ထားသူတွေဟာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမယ့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံ တရားစွဲဆိုခံရနိုင်တယ်လို့ သိရပါတယ်။

“တရားစွဲမယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ဆီမှာတော့ အခွန်ကတော့ ကမ္ဘာမှာ ပေးဆောင်မှုအနည်းဆုံး ဖြစ်နေတာပေါ့။ GDP ရဲ့ ၅ ရာခိုင်နှုန်းအောက်ကို ကျွန်တော်တို့ကနည်းတာပေါ့။ ဒီမှာက အများစုက အခွန်မဆောင်ဘူး။ ဒါကြောင့်လည်း ကားဝယ်၊ အိမ်ဝယ်ကို ဝင်ငွေရလမ်းဖော်ပြတဲ့ ၃ ရာခိုင်နှုန်းနဲ့ သွားနေကြတာပေါ့။ အခုကတော့ အရေးယူမယ်ဆိုတဲ့ ကိစ္စကတော့ ထွက်လာပြီ။ ကျန်တဲ့တိုင်းပြည်တွေမှာတော့ အခွန်နဲ့ပတ်သက်ပြီး တိတိကျကျကိုလုပ်တာ။ ၃ ရာခိုင်နှုန်းဆောင်ပြီး ကားဝယ်၊ အိမ်ဝယ်တော့ မရဘူး။ အခုက အဲ့ဒီပုံစံမျိုးတော့ တဖြည်းဖြည်းသွားရမယ့်ပုံစံပေါ့”လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ အခွန်ထမ်းတွေအနေနဲ့ မည်သည့် ဆောင်ရွက်မှုတွေဟာ အခွန်ရှောင်တိမ်းမှုမြောက်တဲ့ ကျူးလွန်မှုတွေ ဖြစ်တယ်ဆိုတာကို လေ့လာသိရှိထားဖို့လိုအပ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ စတင် အကျိုးသက်ရောက်မယ့် အများပြည်သူများ သိရှိလိုက်နာရန် သတ်မှတ်ချက် အမှတ် (၃/၂၀၂၂)ကို ပြည့်စုံစွာ သိရှိနိုင်ဖို့ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဝင်ရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။

“အခုသတိပေးချက်က FATF ရဲ့ ရိုက်ခတ်မှုလားဆိုတော့ လွန်ခဲ့တဲ့ ၄/၅ နှစ်တုန်းက လွှတ်တော်မှာ ကျွန်တော်တို့ဆွေးနွေးဖြစ်တုန်းက ကမ္ဘာ့ဘဏ်တို့ IRF တို့ကတော့ ဒါကိုကန့်ကွက်တယ်။ ဝင်ငွေရလမ်း မဖော်ပြဘဲ အိမ်ဝယ်၊ ကားဝယ်လုပ်တာက ငွေကြေးခဝါချမှုကို အားပေးရာရောက်တယ်ဆိုပြီး သူတို့က ထောက်ပြတာတွေရှိတယ်။ အခုကတော့ အဲ့ဒါက နည်းနည်းလေးပြန်ကြပ်လာပြီ။ ပြည်သူတွေကတော့ ဒီအချိန်မှာ ဘယ်လိုပဲပြောပြော အခွန်မဆောင်ချင်ကြဘူးလေ။ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးအခြေအနေအရရော အလုပ်အကိုင်ကလည်း မကောင်းကြတဲ့ အချိန်မှာမှ အခွန်နဲ့ပတ်သက်ပြီး တင်းကြပ်တာကတော့ ကျွန်တော်တို့အတွက်က နည်းနည်းလေးတော့ ခက်တယ်လို့ ပြောချင်ပါတယ်”လို့ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။

ဒါပေမယ့် ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာ သတင်းအချက်အလက်များ လွဲမှားဖော်ပြခြင်းနဲ့ အခွန်ရှောင်တိမ်းခြင်း စတဲ့ စကားရပ်တွေနဲ့ ဆောင်ရွက်ချက်တွေအပေါ် အရေးယူဖို့ နိုဝင်ဘာ ၁၆ ရက်က အသိပေး ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီ့ ထုတ်ပြန်ချက်မှာ အခွန်ရှောင်ခြင်းပေါ့ဆမှု (သို့မဟုတ်) မရိုးဖြောင့်သော ရည်ရွယ်ချက်နဲ့ အခွန်လျော့နည်းပေးခြင်း၊ အခွန်ဆိုင်ရာ သတင်းအချက်အလက်တွေ မှားယွင်းခြင်း (သို့မဟုတ်) လမ်းလွဲစွာဖော်ပြခြင်းလို့ သတ်မှတ်တဲ့ ကိစ္စရပ်တွေအပြင် အခွန်ရှောင်မှုမြောက်တဲ့ ကျူးလွန်မှုတွေအဖြစ် သတ်မှတ်ထားတဲ့ အခြေအနေတွေကို ရှင်းလင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အခွန်ကောက်ခံမှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW