ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာမှာ လူနေအိမ် ၃၀ ကျော် မီးရှို့ခံရ

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ဝါးရင်းချိုင်ကျေးရွာမှာရှိတဲ့ လူနေအိမ် ၃၀ ကျော်ဟာ မနေ့ နိုဝင်ဘာ ၂၄ ရက်က မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မီးရှို့ဖျက်ဆီးခံရတာပါ ၊ မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် ၃၄ လုံးရှိတယ် ၊ ရွာမှာက လူနေအိမ်ခြေ ၆၁ အိမ်ပဲရှိတာဆိုတော့ ရွာတဝက်လောက် မီးလောင်သွားတာဖြစ်တယ် ၊ အခုလ ၂၀ ရက်ကစလို့ စစ်ကြောင်းတွေ လာတယ်ဆိုလို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ မသိရဘူး”လို့ ဝါးရင်းချိုင်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က” ဝါးရင်းချိုင်ရွာနားမှာ မနေ့ မနက်ပိုင်း ၁၀ နာရီလောက်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေနဲ့ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်၊ ရန်သူဘက်က အမျိုးသား ရုပ်အလောင်း ၂ လောင်းနဲ့ လက်လုပ်သေနတ် ၁ လက် ၊ ကျည်ဆံတွေ သိမ်းဆည်းရမိတယ် ၊ နယ်မြေရှင်းလင်းရေး အဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ဝါးရင်းချိုင်ရွာက လူနေအိမ်တွေကို မီးဘယ်သူရှို့တယ်ဆိုတာ မသိရသေးအတွက် စုံစမ်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကနေ အခု နိုဝင်ဘာ ၂၅ ရက်အထိ ထီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေပေါင်း ၁၆၁ အိမ် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ထီးလင်း

Related posts

Leave a Comment

VOM News

FREE
VIEW