ပုသိမ်မှာ ချစ်သူစုံတွဲကို သတ်ပြီး လက်ဝတ်ရတနာတွေ လုယက်တဲ့ အမျိုးသား၂ ဦးကို သေဒဏ်ချ

နိုဝင်ဘာ၊၂၅-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့၊ ပုသိမ်ကြိုး တံတားအောက်မှာ စကားပြောနေတဲ့ ချစ်သူစုံတွဲကို သတ်ပြီး ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ အခြားပစ္စည်းတွေကို လုယက်ယူသွားတဲ့ အမျိုးသား ၂ ယောက်ကို သေဒဏ်ချမှတ်လိုက်ပြီး ပစ္စည်းတွေ ရောင်းပေးတဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

တရားခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အချိန် ၂ နှစ်နီးပါးစစ်ဆေးပြီး မနေ့ နိုဝင်ဘာ ၂၄ ရက်က ပုသိမ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့တာလို့ သိရပါတယ်။

”မနေ့ ၂၄ ရက်က ပြစ်ဒဏ်ချမှတ်တာ ၊ ပုသိမ် တရားရုံးက အမိန့်ချတာပါ ၊အမျိုးသား တရားခံ အမျိုးသား ၂ ယောက်ကို လုယက်မှုအတွက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်တယ် ၊ သတ်မှုအတွက်က သေဒဏ်ချမှတ်တယ်၊ လုယက်ယူဆောင်သွားတဲ့ ပစ္စည်းတွေကို ရောင်းချပေးတဲ့ ကျင်အောင်ထွေးရဲ့ မိန်းမကို ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်တာ ၊ အမှုကိုတော့ တစ်နှစ်ကျော် စစ်ဆေးခဲ့တယ်။ ”လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်က ပုသိမ် ကြိုးတံတားအောက်မှာ စကားပြောနေတဲ့ ချစ်သူစုံတွဲကို ဓားနဲ့ အချက်ပေါင်းများစ္စာ ထိုးခုတ်သတ်ဖြတ်ပြီးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး ၊ ရွှေလက်စွပ် ၊ လက်ကိုင်ဖုန်း နဲ့ ဆိုင်ကယ်တွေ လုယက်ခံခဲ့ရတာဖြစ်ပါတယ်။

ချစ်သူစုံတွဲကို သတ်ဖြတ်သွားတဲ့ အမျိုးသား ၂ ယောက်ဖြစ်တဲ့ ကျင်အောင်ထွေး အသက် ၂၃ နှစ် ၊ ချစ်မင်းသူ အသက် ၂၄ နှစ်နဲ့ လက်ဝတ်ရတနာတွေနဲ့ ပစ္စည်းတွေကို ရောင်းချပေးတဲ့ ကျင်အောင်ထွေးရဲ့ ဇနီး ထက်ထက်မိုးဦး ကို ဖြစ်စဉ်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း ပုသိမ်ခရိုင် တရားရုံးက ပုသိမ်မြို့ကမ်းနားလမ်းက အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီးရဲ့နေအိမ်ပေါ်တက်
ရွှေဆွဲကြိုးလုယက်ပြီး လူကိုသတ်ခဲ့တဲ့ အမျိုးသား ၁ ယောက်ကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW