သတင်းစာဆရာ ဦးစည်သူအောင်မြင့်ထောင်ဒဏ် ၂ နှစ် ထပ်တိုးအမိန့် ချမှတ်ခံရ

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂
SP( VOM)

ရန်ကုန် အင်းစိန် အကျဥ်းထောင်မှာ ပုဒ်မ ၅၀၅ – က အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့် ကို မနေ့ နိုဝင်ဘာ ၂၄ ရက်က နောက်ထပ် ၅၀၅ – က အမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်တိုး အမိန့်ချမှတ်လိုက်တယ်လို့ ရန်ကုန် သတင်းစာဆရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဗဟန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ – က အမှုအတွက် ထပ်တိုးပြစ်ဒဏ် ၂ နှစ်ကို မနေ့က အင်းစိန် အကျဥ်းထောင် အထူးတရားရုံးက ချမှတ်ခဲ့တာဖြစ်တယ် ၊ အရင် အမှုက ၃ နှစ်ချမှတ်ခံထားရတယ် ၊ အခု နောက်တိုး အမှုက ၂ နှစ်ဆိုတော့ ပြစ်ဒဏ် ၅ နှစ် သတ်မှတ်ခံထားရတယ် ” လို့ ရန်ကုန်အခြေစိုက် သတင်းစာဆရာ တယောက်က ပြောပါတယ်။

ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ VOA မြန်မာပိုင်းသတင်းဌာနရဲ့ ဆောင်းပါးရှင်တစ်ဦး ဖြစ်ပြီး ၊ ဖရွန့်တီးယားမြန်မာသတင်းဌာနနဲ့ မြန်မာနောင်းသတင်းဌာနတို့မှာလည်း သတင်းဆောင်းပါးသုံးသပ်ချက်တွေရေးသားခဲ့သူဖြစ်တယ်လို့ သတင်းစာ ဆရာ အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကို ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်ထဲက နေအိမ်တခုမှာ လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ” ဦးစည်သူအောင်မြင့်ကို တရားစွဲဆိုရေး အဖွဲ့က ဗဟန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ – က အရ ၁ မှု ၊ နောက်ပြီး ပုစွန်တောင်မြိုန့ယ်တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ ၁ မှု နဲ့ နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) အရ တရားစွဲဆိုခဲ့တာဖြစ်တယ် ၊ အခုတော့ ပုဒ်မ ၅၀၅- က နှစ်မှုလုံးအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပြီး ပုဒ်မ ၁၂၄ (က) အရ အမှုရင်ဆိုင်ဖို့ ကျန်နေသေးတယ် ၊ဆရာ စည်သူအောင်မြင့်ကို လုံခြုံရေးအဖွဲ့တွေ ဖမ်းဆီးစဥ်က BBC သတင်းဌာနရဲ့ အလွတ်တန်း ထုတ်လုပ်ရေးမှူး မထက်ထက်ခိုင် လည်း တပါတည်း အဖမ်းခံခဲ့ရတယ် ” လို့ တရားလွှတ်တော် ရှေ့နေ အသိုင်းဝိုင်းက ပြောပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ဖမ်းဆီးစဥ်က တပါတည်း အဖမ်းခံရသူ မထက်ထက်ခိုင်ဟာ ပုဒ်မ ၅၀၅(က)​၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲဆိုရေးအဖွဲ့က တရားစွဲခဲ့ပြီး အဲ့ဒီ ပုဒ်မ ၂ခုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စည်သူအောင်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW