ပေါက်မြို့နယ်မှာ ဘုန်းကြီးတပါးနဲ့ ကျောင်းအုပ်ဆရာကြီး တဦး သတ်ခံရပြီး ၊ ကျောင်းဆရာမ ၄ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကူးကားကျေးရွာအုပ်စု ၊ ပေါက်ချောင်း ( အလယ်) ကျေးရွာ ၊ ပေါက်ချောင်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှာ ဒီဇင်ဘာ ၆ ရက် ၊ မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က ကျောင်းအုပ်ဆရာကြီးဖြစ်သူကို အမည်မသိလက်နက်ကိုင်တွေက ပစ်သတ်ခဲ့ပြီး ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။

” ညနေ ကျောင်းဆင်းခါနီးအချိန်မှာ ကျောင်းထဲကို အမည်မသိ လက်ကိုင်အဖွဲ့ ဆိုင်ကယ် ၁၀ စီးနဲ့ လူ အယောက် ၂၀ ဝန်းကျင်ရောက်လာတယ် ၊ ကျောင်းအုပ်ဆရာကြီး ပစ်သတ်ခံရတယ် ၊ နောက်ပြီး အဲ့ဒီ အဖွဲ့က ဆရာမ ၄ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတာ ” လို့ ပေါက်မြို့နယ် ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ချောင်း အလယ်ရွာဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” ပေါက်ချောင်း အလယ်ရွာ မူလွန်ကျောင်းမှာ မနေ့က ညနေပိုင်း ၂ နာရီ ၄၀ အချိန်ဝန်းကျင်က ဖြစ်တာပါ ၊ အဲ့ဒီ ကျောင်းမှာက ဆရာ(၄)ဦး ၊ ဆရာမ(၆)ဦး ကျောင်းလုပ်သား(၁)ဦးတို့က သူငယ်တန်းကနေ ၊ သတ္တမတန်းထိ ကျောင်းသား(၂၅)ဦးကျောင်းသူ (၁၇)ဦး၊ ပေါင်း(၄၂)ဦးကို စာသင်ကြားပေးနေတာဖြစ်တယ် ၊ အဲ့ဒီကျောင်းထဲကို မျက်နှာ ပုဝါတွေစီးထားတဲ့ အဖွဲ့အမည် စုံစမ်းနေဆဲ အမည်မသိ လက်နက်ကိုင်အဖွဲ့ လူအယောက် ၂၀ ဝန်းကျင် ဝင်ရောက်လာပြီး ကျောင်းဆရာ ၊ ဆရာမတွေကို ဖမ်းဆီး သတ်ဖြတ်တယ် ၊ ပေါက်မြို့ ၊ ရွှေပေါက်ပင် ရပ်ကွက်မှာနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင် ၅၃ နှစ် ပစ်သတ်ခံရတယ် ၊ အဲ့ဒီနောက် ကျောင်းဆရာမ ၄ ဦးဖြစ်တဲ့ ဒေါ်ချမ်းမြေ့သူ ၂၈နှစ် လ/ထမူပြ ၊ အောင်တံခွန်ရပ်ကွက် ၊ ပေါက်မြို့၊ ဒေါ်ဌေးအိဝင်း ၂၈နှစ် ၊ ဒုမူ/ပြ ၊ အောင်တော်မူရပ်ကွက် ၊ ပေါက်မြို့၊ ဒေါ်သီသီခိုင် ၂၃နှစ် ၊ လ/ထမူပြ မောက်လင်းကျေးရွာ ၊ ဂန့်ဂေါမြို့နယ်၊ ဒေါ်နှင်းဆီ ၂၈နှစ် ၊ လ/ထမူပြ ၊ ဆေးပင်ကြီးကျေးရွာ ၊ ကမ်းပါးဖြူအုပ်စု ၊ ပေါက်မြို့နယ်နေသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၆ ရက် ၊ ညနေ ၃ နာရီဝန်းကျင်က အဲ့ဒီ အမည်မသိ လက်နက်ကိုင်ထားသူတွေက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ပေါက်ချောင်း အလယ် ကျေးရွာမှာရှိတဲ့ ၊ တေဇိန္ဒရာမကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဥုးတေဇိန္ဒ ၊ ဝါတော်(၃၇)ဝါ၊ သက်တော်(၆၀)နှစ် ကိုလည်း ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီလူသတ်ဖမ်းဆီးတာတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းတွေကမှ ထုတ်ပြန်တာမတွေ့ရသေးသလို VOM အနေနဲ့လည်း နောက်ခံအကြောင်းအရင်းတွေကို အသေးစိတ်မသိရသေးပါဘူး။

#voiceofmyanmar #VOM #ပေါက် #ပေါက်ချောင်းရွာ

Related posts

Leave a Comment

VOM News

FREE
VIEW