မန့်ဝိန်းဂိတ် ကနေ ဝင်ထွက်မယ့် ယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် စတင်လုပ်ပေး

ဇန်နဝါရီ ၁၆၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ် မန့်ဝိန်းဂိတ်ကနေ တရုတ်ဘက် ဝင်/ထွက်မယ့် ယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော်ခွင့် BP စာအုပ် စတင်လုပ်ပေးနေပြီလို့ သက်ဆိုင်ရာဌာန နဲ့ ဆက်စပ်သူတွေဆီက သိရပါတယ်။

“စာအုပ်က လုပ်ပေးနေပြီ၊ ကားသမားတွေအတွက်ပဲ ၆ ဘီး ကားသမား။ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စုရှိတဲ့ ကားသမားပဲရမယ်။ ကားအဝင်အထွက်တော့ တစီးမှ မရှိသေးဘူး။” လို့ မန့်ဝိန်းပေါက် immigrationမှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါတယ်။

Passport က Border Pass (BP) စာအုပ်အမျိုးအစားဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစ ၆ ဘီးကားသမားတွေအတွက်ပဲ မူဆယ်ခရိုင်ရုံးမှာ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။

မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စု မဟုတ်တဲ့သူတွေက ဘယ်လိုလုပ်ရမယ် ဆိုတာတော့ စာတွေလည်း မထွက်ရှိသေးတာကြောင့် မသိသေးဘူးလို့ ပြောပါတယ်။

ယာဉ်နဲ့ ကုန် စုစုပေါင်း ၁၆ တန်အောက်ယာဉ် ၆ ဘီးကားတွေသာ မန့်ဝိန်း – ကျယ်ဂေါင် ဂိတ်ကနေ ဝင်ထွက်ခွင့်ပြုကြောင်း မြန်မာဘက်ခြမ်း သက်ဆိုင်ရာက အသိပေး ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

“တရုတ်နှစ်သစ်ကူး ၁၀ ရက် ထပ်ပိတ်မယ် ပြောနေတယ်။ ဘာမှ ကားတောင် အဝင်အထွက် မလုပ်ရသေးဘူး။”လို့ အဲဒီအနီးမှာ ဆိုင်ရောင်းနေတဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

ဂိတ်ပေါက် အခြေအနေ လာကြည့်တဲ့ ပြည်သူတဦးက “ကျနော်တို့က ဒီက မဟုတ်ဘူး။ အခုပုံစံဆို ဒီလက ဘာမှ လုပ်မရတော့ပါဘူး၊ နယ်စပ်ကို မှီခို လုပ်ကိုင် အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့ ပြည်သူတွေက နေ့တိုင်း ဂိတ်ပေါက်အခြေအနေကို စောင့်ကြည့်နေကြတာပါ “လို့ ပြောပါတယ်။

မူဆယ် မန့်ဝိန်း – ကျယ်ဂေါင် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကိုတော့ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၃၀ ရက်နေ့ကစ ပိတ်ထားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့က အဲဒီဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အဝင် အထွက် ဘာမှမရှိသေးဘူးလို့ သိရာပါတယ်။

#voiceofmyanmar #VOM #မူဆယ် #မန့်ဝိန်းဂိတ်ထွင်မယ့်ကားသမား #နယ်စပ်ဖြတ်ကျော်သာအုပ်လုပ်ပေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW