အခုနှစ် ဆောင်းငရုတ်တွေ အထွက်နှုန်း လျော့ကျလို့ ငရုတ်စိုက်တောင်သူတွေ အရှုံးပေါ်

မတ်၊၁၁- ၂၀၂၃
MM(VOM)

၂၀၂၃ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်းငရုတ်တွေ ပေါ်ချိန် ငရုတ်စိုက်ခင်းတွေ အထွက်နှုန်း သိသိသာသာ လျော့ကျသွားလို့ ငရုတ်စိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမတ်လဟာ နိုင်ငံတဝှမ်း ဆောင်းငရုတ်တွေ စတင်ပေါ်နေတဲ့အချိန်ဖြစ်ပြီး ငရုတ်စိုက်ခင်း ၁ ဧကကို ငွေကျပ် (၂)သိန်းဖိုးခန့်သာ ပြန်လည်ရရှိတော့တာကြောင့် စိုက်ပျိုးရေး ကုန်ကျစရိတ်မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

“အခုနှစ် ခွက်ခွက်လန်အောင် အရှုံးပေါ်နေတယ်၊ ငရုတ် ၁ ဧကအတွက်ဆိုရင် စိုက်ပျိုးစရိတ်အရင်းက ၅ သိန်း အောက်ထစ်ကုန်ကျပါတယ်၊ ၁ ဧကကိုငွေကျပ် ၇ သိန်းဖိုးလောက် ပြန်ရရင်တောင် တော်သေးတယ်၊ အခုတော့ ၂ သိန်းကျော်ဖိုးပဲရတယ်၊ ဒီနှစ်အမြတ်မရတဲ့ အပြင် အရှုံး ပေါ်သွားတယ်။”လို့ ဧရာဝတီတိုင်းက ငရုတ်စိုက်တောင် သူတဦးက ပြောပါတယ်။

အခုနှစ် ငရုတ်စိုက်ခင်းတွေအများစု ရွက်လိပ်ပိုးကျပြီး အခင်းလိုက် ပျက်စီးတာ၊ စိုက်ပြီးခါစ ငရုတ်အပင်တွေ အချိန်အခါမဟုတ်မိုးများလို့ ပျက်စီးတာ၊ အပင်ပေါက်ပြီးမှ ရုတ်တရက် အဝါရောင်ပြောင်းအပင်တွေ သေကုန်တာ ၊ ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်လို့ ဓာတ်မြေသြဇာ နဲ့ အပင်အားဆေးတွေ မသုံးနိုင်တာ၊ငရုတ်အများစု စိုက်တဲ့ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည် နယ်တွေမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိုက်ပျိုးပြီး ငရုတ်ခင်းတွေကို ဂရုမစိုက်နိုင်ဘဲ ပစ်ထားခဲ့ရတာ စတဲ့ အခြေအနေတွေကြောင့်လည်း ငရုတ်တွေ အထွက်နှုန်း သိသိသာသာ လျော့ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

“အခုနှစ် တောင်သူတွေ အတော်လေးရှုံးနေတယ်လို့ သိရတယ်၊ ငရုတ် ၁ဧကကို ပျှမ်းမျှ ၄ သိန်းလောက်ရှုံးနေ တာ၊ အမြတ်ပြန်ရဖို့ နွေငရုတ်ကို ထပ်စိုက်ဖို့အကြံပြုချင်တယ်၊ အခုနှစ် တောင်သူတွေ အဓိကရှုံးပေါ်သွားရတဲ့ပြဿနာက ပိုးသတ်ဆေးတွေ ပေါင်းသတ်ဆေးတွေ အပါအဝင် လယ်ယာသုံးသွင်းအားစုတွေ ဈေးထိုးတက်နေတာနဲ့ အပြည့်အဝမသုံးနိုင်တာကြောင့်ပါ၊ ဒါ့အပြင်ကို
တချို့ဒေသတွေမှာ နိုင်ငံရေး အကျပ်အတည်းကြောင့် စိုက်ပျိုးရေး ကောင်းကောင်း မလုပ်နိုင်ကြပါဘူး ၊
ဒါတောင်ငရုတ်ဈေးက အရင်းနှစ်တွေထက် ထိုးတက်နေလို့ ၊ဈေးကောင်းနေပေမဲ့လည်း တောင်သူတွေ အတွက်တော့ အကျိုးမရှိဖြစ်နေတာပေါ့။”လို့ လယ်ယာထွက် ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အသင်းက ဈေးကွက်ရှာဖွေရေးတာဝန်ခံ တဦးကပြောပါတယ်။

အခုနှစ် ငရုတ်စိုက်ပျိုးရာမှာ ငရုတ်စိုက်ခင်း ၁ ဧကအတွက် ကုန်ကျစရိတ်အနေနဲ့ စက်မောင်းခငွေကျပ် ၆၅၀၀၀ ၊ ငရုတ်မျိုးစေ့ဖိုးငွေကျပ် ၇၀၀၀၀ ၊ စိုက်ပျိုးရေး သွင်းအားစုကုန်ကျစရိတ်ငွေကျပ် ၁၇၀၀၀၀ ၊ ရေတင်ခ ဖိုးငွေကျပ် ၇၀၀၀၀၊ ငရုတ်ပေါင်းလိုက် တာနဲ့ ခူးစွတ်ခငွေကျပ် ၁၃၀၀၀၀ကျသင့်တယ်လို့သိရပါတယ်။

လက်ရှိမှာ ငရုတ်ဈေးနှုန်းမှာ (၁၀) ပိဿာကို ငွေကျပ် (၁၃၅၀၀၀)ကျပ်အထိဈေးရှိကာ အရင်နှစ် ဆောင်းငရုတ်တွေပေါ်တဲ့ ရာသီတုန်းက (၁၀)ပိဿာကို ငွေကျပ် (၂၉၀၀၀၀)ကနေ (၃၁၀၀၀၀)ဈေးရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဆောင်းငရုတ် #အထွက်နူန်းလျော့ #တောင်သူတွေအရှုံးပေါ်

Related posts

Leave a Comment

VOM News

FREE
VIEW