မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်

တိုကျို ၊ မတ်-၂၀-၂၀၂၃
မျိုးဆက်(VOM)

ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဂျပန်လေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်လေတပ်မှ အက်ဖ်-၁၅ တိုက်လေယာဉ် ၁၀ စင်း၊ အမေရိကန် ဘီ-၁ ဗုံးကြဲလေယာဉ်နှင့် အက်ဖ်-၁၆ တိုက်လေယာဉ်တွေပါ၀င်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ ဒုံးပျံခြေရာခံစနစ်တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေနဲ့အတူ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံနဲ့ ဒေသတွင်းမှာ လုံခြုံရေးအခြေအနေပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ယခုစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့မဟာမိတ်တွေရဲ့ ကာကွယ်ရေးဆိုင်ရာစွမ်းရည် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ မတ် ၁၆ ရက်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ မတ် ၁၉ ရက်ကလည်း ပဲ့ထိန်းဒုံးကျည်တစင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။

Ref: NHK
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW