သံဖြူဇရပ်မှာ နိုင်ငံသား အထောက်အထားမဲ့သူ ၁၅၄ ဦး ဖမ်းမိ

မတ် ၂၅ – ၂၀၂၃
GG (VOM)

မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ထဲက ရွာ၂ရွာကနေ နိုင်ငံသား အထောက်အထားမဲ့သူ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်က ထင်းယူးကျေးရွာအုပ်စု၊ ခလောက်ချ၊ဝင်းစန်ကျေးရွာတွေရဲ့ဆိပ်ကမ်းမှာ မတ်လ ၂၃ ရက်နေ့နဲ့၂၄ ရက်နေ့တွေမှာ ဖမ်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိသူအားလုံးကို သံဖြူဇရပ်မြို့အားကစားကွင်းမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။

” တနေ့ကနဲ့မနေ့က ၂ ရက်မှာ ဖမ်းမိတာလို့သိရတယ်။ရွာတွေမှာပဲတွေ့တာ။တွေ့တဲ့ရွာတွေက ရေးနဲ့သံဖြူဇရပ်အကြားနေရာတွေပေါ့။၁၅၀ ကျော်တယ်၊ အခုတော့ အားကစားကွင်းမှာ မိန်းကလေးသပ်သပ် ၊ယောကျ်ားလေးသပ်သပ်ခွဲပြီးထားတယ်လို့သိရတယ် “လို့ သံဖြူဇရပ်မြို့ခံတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ ၁၅၄ ဦးထဲမှာ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးတွေအပြင် ကလေးတွေလည်းပါကြောင်း၊သတင်းရရှိတာကြောင့် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ် ကနေ မွန်ပြည်နယ်ထဲကို ရေကြောင်းကတဆင့် တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီကမှ ထိုင်းကိုသွားရောက်ဖို့စီစဥ်ထားကြောင်း၊ထိုင်းကမှတဆင့် မလေးရှားကိုဆက်လက်သွားရောက်ဖို့ စီစဥ်ထားသူတွေဖြစ် တယ်လို့ သိရပါတယ် ။

လက်ရှိမှာတော့ ဖမ်းမိသူတွေကို စစ်ဆေးမေးမြန်းမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ချောင်းထဲက စက်လှေထဲမှာ တရားမဝင်လိုက်ပါလာတဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၇၈ ယောက် ဖမ်းဆီးရမိခဲ့တာရှိပါတယ်။

#voiceofmyanmar #VOM #သံဖြူဇရပ် #အထောက်အထားမဲ့၁၅၄ဦးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW