ဆူးငှက်
မြန်မာ့ဆိုင်းလောကတွင် နေတစ်ဆူ လတစ်ဆူအဖြစ် ထင်ရှားခဲ့သော ဆိုင်းပညာရှင် စိန်ဗေဒါကို မြန်မာသက္ကရာဇ် ၁၂၄၄ နတ်တော်လဆန်း ၁ ရက် သောကြာနေ့တွင် အဖဘုရင့် လက်ထက်တော် အတွင်းစိန်ဆိုင်းတော်တီး လက်ျာစိန်ဆိုင်းအမှုထမ်း ဆီဆုံဆယ်ရွာစား နေမျိုးကျော်ခေါင် ဘွဲ့ရ ဆရာဖေကြီး၊ အမိအပျိုတော် ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်အရပ်၌မွေးဖွားခဲ့သည်။ စိန်ဗေဒါ၏ ဇာတာတွင် မောင်သာလှိုင်ဟု ဖော်ပြပါရှိ၍ ငယ်အမည်မှာ မောင်ကလေးဖြစ်သည်။ နာမည်က မောင်ကလေးဖြစ်သော်လည်း “ဗေဒါဗေဒါ နင့်ဘူးကို ဘယ်သူချဲ့
ပြောဟဲ့ဗေဒါ”ဆိုသော သီချင်းကြောင့် မောင်ဗေဒါဟု တွင်သည်။
ဆိုင်းဆရာကြီး စိန်ဗေဒါသည် ၁၆ နှစ်သားအရွယ်မှစ၍ ဆိုင်းပညာကို လေ့လာဆည်းပူးခဲ့သည် ။ စိန်ဗေဒါသည် ဆိုင်းတခုတည်းသာမက တခြားသော
မြန်မာတူရိယာများဖြစ်သည့် စောင်း ၊ မိကျောင်း ၊ ပတ္တလား ၊ နှဲတို့အပြင် အနောက်တိုင်း တူရိယာများဖြစ်သော တယော ၊ဘင်ဂျို ၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ကာနက် တို့ကိုလည်း ကောင်းစွာတီးမှုတ်နိုင်သည်။ သီချင်းဆိုရာတွင် သူ၏ သြဇာကောင်းသည့ ဘယ်သံကြီးက တစ်မူထူးခြား ကောင်းမွန်လှသည်။
စိန်ဗေဒါသည် ဂီတပညာကိုဆည်းပူးရာတွင်
မည်သူ့ထံမှမဆို တောင်းခံရန် ဝန်မလေးသူ မဟုတ်သဖြင့် နန်းတွင်းစောင်းပညာရှင်ကြီး ဒေဝဣန္ဒြာမောင်မောင်ကြီးမှသည် မဟာမုနိဘုရားကြီး လိပ်ကန်အနီးတွင် တယောထိုးကာ မျက်မမြင်တောင်းရမ်းနေသူ ဘကြီးကျန်ထံကအထိ ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ ။
စိန်ဗေဒါသည် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိသို့ မြန်မာသက္ကရာဇ် ၁၂၇၂ (အေဒီ ၁၉၁၁)တွင်
ရတနာဂီရိစံသီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့၏ တိုက်သစ်မင်္ဂလာအတွက် ဆရာဦးလူကြီး ၊ ဆရာဦးပေါ်ဦး၊ စောင်းဒေဝဣန္ဒာမောင်မောင်ကြီး၊ အကမိန်းမ မင်းသားမစောရင်၊ မင်းသမီးမစန်းကြည်တို့နှင့်အတူ လိုက်ပါသွားခဲ့သည်။ ထိုသို့ လာရောက်ဖျောဖြေပြီးနောက် နေမျိုးဗလကျော်သူဘွဲ့ နှင့် ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး (ဖန်ပန်းဒိုင်း)တို့ ချီးမြှင့်ပးသနားခြင်းခံရသည်။ နောက်တကြိမ် မြန်မာသက္ကရာဇ် ၁၂၇၃ တွင် သီပေါမင်း၏သမီးတော်များ နားထွင်းမင်္ဂလာသို့ ဒုတိယအကြိမ် သွားရောက် တီးခတ်ခဲ့ရသည်။ ထိုအကြိမ်တွင် ဇနီး မစိန်မေလည်းလိုက်ပါသွား၏။
ထိုပွဲတွင် စိန်ဗေဒါ ဆိုင်းအဖွဲ့က အနောက်တိုင်း ဘင်ခရာတီးဝိုင်းမှ တီးလုံးတိုင်းကို နားဖြင့် မှတ်ကာ တူရိယာသင်္ကေတများ မပါဘဲ ပြန်လည်တီးပြနိုင်ခဲ့သောကြောင့် ဘုံဘိုင် ဘုရင်ခံ ဆာဂျော့ကလပ် နှင့် အိန္ဒိယပြည်ရှိ အနောက်တိုင်း ဘင်ခရာ တီးဝိုင်းသားများကပါ ချီးကျူးခဲ့ကြသည် ။
ရွာစားကြီးစိန်ဗေဒါသည် သူ့သီချင်း သူ့တီးလုံးများကို ဓာတ်ပြား ၆၄ပြားမျှ အသံသွင်းခဲ့သည်။ ထိုသီချင်း ထိုတီးလုံးများတွင် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် ရေးစပ်ခဲ့သော “ရှစ်ဌာန သာလာယံ” အမည်ရှိ သီချင်းမှာ ထင်ရှားလှ၏။ မန္တလေး ရတနာပုံနေပြည်တော် တည်ထောင်သောအခါ မင်းတုန်းမင်းသည် ရွှေမြို့တော်၏ လေးပြင်လေးရပ်တွင် ကုသိုလ်ပြု တည်ဆောက်ထားသော ဇရပ်ကြီးရှစ်ဆောင်ရှိသည်။ ထိုဇရပ်ကြိးရှစ်ဆောင်ကို ရှစ်ဌာန သာလာယံ ဟု တင်စားကြ၏။ ထိုအကြောင်း ယှက်နွှယ်၍ “ရှစ်ဌာန သာလာယံ” ကို နန်းတော်ရှေ့ဆရာတင်ကရေးစပ်ကာ ရွာစားကြီးစိန်ဗေဒါက တီးလုံးတီးကွက်များ လက်စွမ်းပြပြီး တီးခတ်ခဲ့ရာ အလွန်နာမည်ကြီးခဲ့သည်။
ထို့အတူ စစ်ကြီးမတိုင်မီခတ်က မန္တလေးတွင် အငြိမ့်တစ်ခေတ် ထွန်းကားခဲ့ရာ အငြိမ့်မင်းသမီး လေဘာတီမမြရင် က ထင်ရှားခဲ့သည်။ လေဘာတီမမြရင်၏ ထူးခြားမှုမှာ ပရိသတ်၏မေတ္တာ ကရုဏာများကို ပိုမိုရရှိခြင်းဖြစ်ရာ မမြရင်က ချစ်မွေးပါသည်ဟုပင် ပြောစမှတ်ဖြစ်ကြသည်။ မမြရင်က အဆိုအကတွင် ညက်ညောရုံမက ရုပ်ရည် ဟန်ပန် အမူအရာက အစ ယဉ်ကျေးဖွယ်ရာ လှလွန်းသဖြင့်
မြင်သူတိုင်းက ချစ်ခင်ကြသည်။ ဤသို့ ပြည်သူချစ်သော မင်းသမီးက တစ်နှစ်တွင် ရှမ်းပြည်နယ်သို့ အငြိမ့်နှင့်အတူ သွားရောက် ကပြရသည်။ ထိုစဉ်က အသွားအလာ ခက်ခဲသောအချိန်မို့ ထိုသို့ ရှမ်းပြည်နယ်သို့ သွားရောက် ကပြရလျှင် ပွဲခွင်များကို တစ်ဆက်တည်း ချိတ်ထားသောကြောင့် လချီကြာတတ်သည်။ ဤသို့ လချီ၍ ရှမ်းပြည်နယ်သို့ သွားရောက် ကပြသောအခါ ရာသီဥတု၊ရေမြေနှင့် အစားအသောက် အပြောင်းအလဲများတွင် မမြရင် နေထိုင်မကောင်းဖြစ်ခဲ့သည်။ ထိုမကျန်းမာမှုက အပရိက မဟုတ်တော့ဘဲ ငှက်ဖျားပါဝင်ကာ အသည်းအသန်ဟု ဆိုသည်။ ခေတ်ကာလအရ အဆက်အသွယ်က လွယ်လင့်တကူ မဟုတ်သောကြောင့် မမြရင်၏
ကျန်းမာရေးသတင်းကို မန္တလေးက အတိအကျ မသိရပေ။ ထို့ကြောင့် ထုံးစံအတိုင်း ကောလဟာဠများသာ သတင်းအဖြစ် ပျံ့လွင့်နေသည်။ ထိုကောလဟာဠက ရှမ်းပြည်နယ်တွင် ငှက်ဖျားဒဏ်ကြောင့် မမြရင် ဆုံးပြီးဟူ၍ဖြစ်သည်။ ထိုသတင်းကြောင့် ပရိသတ်မှာ စိတ်မကောင်း ဝမ်းနည်းကြသည်။ သို့သော် ချက်ချင်းလက်ငင်း ကောက်လိုက်သွားလို့လည်း မရ။ တစ်ခါ ထိုသတင်းကလည်း မရေရာသေး၊ မသေချာသေးဟု ဆိုကြပြန်သည်။ သတင်းက အမျိုးမျိုးမို့ ကာယကံရှင်များပင် အတိအကျ မသိနိုင်သော အခြေအနေဖြစ်သည်။
ဤသို့ သို့လောသို့လောဖြစ်ချိန် နန်းတွင်းဆွေတော်မျိုးတော်များက တစ်လတစ်ကြိမ် နန်းရှေ့အတုမရှိကျောင်းတိုက်ကြီးတွင် ဆွမ်းကပ်လှူကြရာ၌ မေမြို့၌နေထိုင်သော စောင်းနှင့် မဟာဂီတပညာရှင်
အပျိုတော် အုတ်ဆက် ခင်ခင်လေး ထံက သတင်းတစ်ခုကြားလိုက်ရသည်။ မမြရင်က ရှမ်းပြည်နယ်တွင် ငှက်ဖျားကို ရှမ်းဆရာကြိးတစ်ဦးနှင့် ကုသနေရာ သက်သာလာပြီဖြစ်ကြောင်း၊ ယခုအခါ ရှမ်းပြည်မှ ဆင်းလာ၍ ကျောက်ချောရွာအနီး ဆေးဘုန်းကြီးကျာင်းတွင် ဓာတ်စာစားရင်း နားလိမ့်မည်ဖြစ်ကြောင်းနှင့် မကြာမီ မန္တလေးသို့ပြန်ကာ အငြိမ့်ပွဲများ လက်ခံတော့မည်ဖြစ်ကြောင်း အုတ်ဆက် ခင်ခင်လေးထံက သိကြတော့ ဝမ်းမြောက် ဝမ်းသာကြသည်။
သို့သော် တချို့က မယုံကြသေး။ မမြရင်ကို လူစားထိုးမှာဟု တစ်မျိုး၊ မမြရင် ဆံပင်တွေ ငှက်ဖျားကြောင့် ဖြတ်လိုက်ရတာ ဆံတိုဖြစ်သွားပြီဟု တစ်မျိုး၊ မမြရင် အဖျားဒဏ်ကြောင့် အသံပျက်သွားပြီးဟု တစ်မျိုး၊ မမြရင် သက်လုံမကောင်းတော့ဘူး မကနိုင်တော့ဘူး ဟု တစ်မျိုး အမျိုးမျိုး ပြောကြသည်။
ထို့ကြောင့် ရှမ်းပြည်နယ်မှ အပြန် မန္တလေးတွင် ပထမဆုံးကမည့် ပွဲကို ပရိသတ်က မေးခွန်းများစွာဖြင့်မျှော်လင့်ကာ ပွဲခင်းက ကျိတ်ကျိတ်တိုးနေသည်။ ပွဲကလို့ မမြရင်အလှည့်ရောက်တော့ သူ့ထုံးစံအတိုင်း အိမ်ကတည်းက ဖီးလိမ်းပြင်ဆင်ကာ မှန်လုံကားနှင့် အငြိမ့်စင်နောက်အရောက် လာ၍ စင်ပေါ်တက် က သည်။ ထိုညပွဲတွင် မမြရင်အတွက် နန်းတော်ရှေ့ဆရာတင်က သီချင်းတစ်ပုဒ်ကို အထူးစပယ်ရှယ် စပ်ပေးထားသည်။ “တုံးကျော်မ”တဲ့။
တုံကျော်မ သီချင်းတွင် “ကိုကိုမမနှင့် ပရိသတ်ကြီးမေတ္တာကြောင့် မမြရင် ကျန်းမာပါကြောင်း၊ အရပ်ရပ်ကပေးသောရေးသော စာများလည်း ရပါကြောင်း၊ ‘မြရင် ဘုရားဂုဏ် တရားဂုဏ်မှီ မောင်တော့်စကားကို ကျွန်မချီ၊သတဲ့စကားကိုတော့ မကြားချင်ဘူးနော် အတည်၊ ရုပ်တော်တော်လှပါသည်၊ တုံးကျော်မ လေဘာတီ”ဟူသော စာသားဖြင့် သီချင်းကို လက်စသတ်ထားသည်။
တကယ်တော့ မမြရင်အတွက် နန်းတော်ရှေ့ဆရာတင်ရေးစပ်ပေးသော တုံကျော်မသီချင်းအသွားက ယခင်က ရွာစားကြီးစိန်ဗေဒါကို နန်းတော်ရှေ့ဆရာတင်ပင် ရေးစပ်ပေးခဲ့သော ရှစ်ဌာနသာလာယံ သီချင်းအသွားပင်ဖြစ်သည်။ ထို့ကြောင့် တီးလုံ အပိုဒ်များတွင် ရွာစားကြီးက စိတ်ကြိုက်ကွန့်ကာ လက်စွမ်းပြထားသည်။ ယခု လူမမာနာလံထ မမြရင်အတွက် ရေးစပ်ပေးသော တုံးကျော်မကလည်း ရှစ်ဌာန
သာလာယံ အသွားဆိုတော့ မမြရင်၏ အကပိုဒ်များကလည်း ရွာစားကြီးတီးလုံးအတိုင်း မလျော့တမ်း
နင်လားငါလားဖြစ်သည်။ ရေလည်စိမ်ပင် ပါလိုက်သေးတော့။ ထိုတုံးကျော်မ သီချင်းနှင့် မမြရင် က
လိုက်တော့ မမြရင် အသံပျက်ပြီ၊ မမြရင် သက်လုံမကောင်းတော့ဘူး စသည့် အဆိုးမြင် ကောလဟာဠများလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့သည်။
နန်တော်ရှေ့ဆရာတင် ပညာစွမ်းနဲ့ နာလံထ မမြရင်ရဲ့ငယ်မူငယ်သွေး ပြန်ပြလိုက်နိုင်ပုံ…။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး