လက်ခြေထားလည်း ဟုတ်မှသာ၊ ခါးနေခေါင်းလည်း ဟုတ်မှသာ

ဆူးငှက်

“ခေါင်းခါးခြေလက် ဤလေးချက် မပျက်စေရ သုခုမ” တဲ့။ ဒီစကားက ရှေးပညာရှင်ကြီးများ အလကားထားခဲ့တာ မဟုတ်ပါဘူး။မြန်မာအကရဲ့ သန္ဓေကို တည်ပေးလိုက်တာပါပဲ။ လူ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားနိုင်တဲ့ အဆစ်တွေကို လိုအပ်သလို အသုံးချဖို့ပါ။

“ခေါင်း” ကို လှည့်နိုင်ဖို့ လည်ပင်းရှိတယ်။
ဒီလည်ပင်းက ငုံ့မယ်၊မော့မယ်၊စောင်းမယ်၊ ငဲ့မယ်၊ ဆတ်မယ် စတဲ့ အလှုပ်အရှားတွေ လုပ်ဆောင်နိုင်တယ်။ “ခါး” ကလည်း ညွှတ်မယ်၊ ကုန်းမယ်၊ကော့မယ်၊ မတ်မယ်၊စောင်းမယ် စတဲ့ လှုပ်ရှားမှုတွေ ရှိပါတယ်။

“ခြေ” ကလည်း အလားတူပါပဲ။ ခြေမှာ ဒူးနေရာရှိတယ်။ ခြေဖနောင့်နေရာတွေ ရှိတယ်။ကွေးမယ်၊ ဆန့်မယ်၊ကော့မယ်၊ထောက်မယ် စတဲ့အလှုပ်အရှားတွေနဲ့ပါ။ အလားတူ “လက်” ကလည်း တတောင်ဆစ်ရှိမယ်၊ လက်ကောက်ဝတ်ရှိမယ်၊ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားနိုင်တဲ့ အဆစ်က တစ်ဘက်မှာ ၁၉ဆစ်နဲ့ ၂ဘက်ပေါင်း ၃၈ဆစ်ရှိတယ်။ ဒါကြောင့် အကမှာ အခြေခံဖြစ်တဲ့ “ခေါင်း၊ ခါး၊ခြေ၊ လက်”ကို ပါဝင်အောင် သန္ဓေမပျက် လှုပ်ရှားစေရပါတယ်။

ဒီနေရာမှာ သန္ဓေဆိုတာတော့ သိထားရမှာပေါ့။မြန်မာအက သန္ဓေက “မျဉ်းကွေး၊ မျဉ်းကောက်၊ စက်ဝန်း”ပါပဲ။နိုင်းယှဉ်ပြီး သိသာစေဖို့ပြောရရင် ထိုင်းအက က မျဉ်းမတ် မျဉ်းဖြောင့်ပါ။မြန်မာတိုင်းရင်းသားစုဖြစ်တဲ့ ကရင်တိုင်းရင်းသားများရဲ့ အကဟာ မျဉ်းဖြောင့် မျဉ်းမတ်ပါ။ ရခိုင်၊ မွန် အကတွေကလည်း မျဉ်းကွေး၊ မျဉ်းကောက်၊ စက်ဝန်းတွပါ။ ဒီလို အခြေခံဖြစ်တဲ့ မြန်မာအက သန္ဓေကို စတင်တည်နိုင်ဖို့ ကခွင်ခင်းလိုက် ကတည်းက ဖနောင့် ၂ဘက် အကွာအဝေး၊ခြေဖျားထိပ်၂ဘက် အကွာအဝေး၊ ဒူး၂လုံးအကွာအဝေး၊ ခါးကို ဘယ်လောက်အထိ ညွှတ်ရမလဲဆိုတဲ့ စံ၊ လက်ဖနောင့်ကို တင်ပါးအထက် ဘယ်နေရာမှာ ဘယ်လိုထောက်ရမလဲဆိုတဲ့ ပုံစံ၊ ခေါင်းကို ဘယ်လို မတ်ရမလဲ ဆိုတဲ့ စံတွေ မူတွေ ရှိပါတယ်။ သတ်မှတ်ထားတဲ့ ဒူးအကွာအဝေးမှာ သတ်မှတ်ထားတဲ့ အချိုးအတိုင်း ဒူးညွှတ်လိုက်တာနဲ့ တင်က အလိုလိုထွက်သွားပါပြီ။ ခါးကို တင်ပေါ်မှာ မတ်စေဖို့ လက်ဖနောင့်နဲ့ ထောက်ကန်လိုက်ပြီး ခါးမတ်လိုက်တာနဲ့ ရင်ချီသွားပါပြီ။ မင်းသမီးဟန်ကြော့ကြော့လေးအတွက် ခေါင်းလေး
မတ်လိုက်တာပါပဲ။

ဒါကြောင့် ခြေစုံရပ်ပါ။ ကိုယ်ကို မတ်မတ်ထားမယ်။ခေါင်းကိုလည်း မတ်မတ်ထားပြီး ရှေ့တည့်တည့်ကို ကြည့်မယ်။ ခြေအနေအထားကလည်း ဖနောင့်ကို လက်တစ်မိုက် အကွာထားမယ်။ ခြေဖျားကို လက်တစ်ထွာ နဲ့ တစ်မိုက်ထားမယ်။ ဒူးကိုကျ ကပြသူရဲ့ ပုခုံး အကျယ်နဲ့အညီ ဒူးချဲမယ်။ (ဒီနေရာမှာ
ကပြသူရဲ့ လက်တံ အတိုအရှည်ကြောင့် ဒူး အကျဥ်းအကျယ်ဖြစ်မစိုးလို့ တပြေးညီ အတိုင်းအထွာထက်
ကပြသူရဲ့ ပုခုံးအကျယ်နဲ့ အညီလို့ ပြောတာပါ)။
နောက် ရင်ကိုကော့ပြီး ဒူးကို ညွှတ်ထားမယ်။ လက်ကိုကျ လက်၂ဖက်ကို ခါးအလယ်တည့်တည့် မှာ ဆိုင်ထောက်ပြီး လက်ဖနောင့်တွေနဲ့ ရှေ့ကို တွန်းထားပါမယ်။ လက်ချောင်းလေးတွေကိုလည်း ကော့ထားပါ။ ပြီးရင် မိမိအရပ်ရဲ့ ၄ပုံ ၁ပုံကို ဒူးကနေ
ညွှတ်ချလိုက်ပါမယ်။ ဒါဟာ အခြေခံ ကခွင် အချိုးပါပဲ။ ဒီအချိုးကို တည်လိုက် ခင်းလိုက်တာနဲ့မြန်မာအက သန္ဓေကို ဖမ်းမိသွားပြီ။ ထူးပြီး တင်တု ရင်တုထည့်စရာ၊ ထူးပြီး တင်ကြီးနောက်ပစ် ရင်ကြီးရှေ့ကော့ပြီး က စရာ မလိုပါဘူး။ ဒီနေရာမှာ ခါးအညွှတ် ဒူးအကွေးမပါဘဲ မိုးတိုးမတ်တတ် က ရင် ဖင်တု ရင်တုနဲ့ ဖင်ပစ် ရင်ပစ် ကရမှာပါပဲ။

ဒါကြောင့် အဲ့ဒီကာလ မန္တလေးပန်တျာ အမျိုးသား အက နည်းပြ ဆရာကြီးရွှေဒေါင်းညိုက အမျိုးသမီး အကသင်တန်းအတွက် အကအခြေခံ သီချင်းရေးပေးတော့ “လက်ခြေထားလည်း ဟုတ်မှသာ၊ ခါးနေခေါင်းလည်း ဟုတ်မှသာ သရုပ်ပေါ်အောင်သာ ကတဲ့ အမူအရာ ကိုယ်နေကိုယ်ဟန် ခက်တာ ကိုယ်နေကိုယ်ဟန် ခက်တာ အကွက်ကျကျ ကျွန်မတို့ သင်ရတာ”လို့ ခြေလက်သာမက ခေါင်းခါးလည်း ပါဝင်ရပုံကို စပ်ဆိုထားပါတယ်။

မြန်မာအကဟာ မျဉ်းကွေး သဘော စက်ဝိုင်းသဘောဆိုတော့ မေးထိုးတာကိုပဲ ဆတ်ခနဲဆတ်ခနဲ
မာမာတောင့်တောင့် မထိုးဘဲ ခေါင်းကို ခတ်စိုက်စိုက်ထားပြီး မေးကို တစ်ဆင့်ထိုး နှစ်ဆင့်ထိုး ထိုးရင်
ပိုလှပါတယ်။ တစ်ခါ ပုခုံးဆိုပါစို့။ ပုခုံးကို ဆတ်ဆတ် ဆတ်ဆတ် ခါမကဘဲ ရှေ့ကနေ အပေါ်ကို စက်ဝိုင်းလို ဝိုက်ယူပြီးမှ ဆတ်ခနဲ အပေါ်ကိုမြှင့်တင်လိုက်တာက အလှပါပဲ။ ပုခုံးကို ခါမကဘဲ ဒီလို ဝိုင်းပြီးမှ က တော့ သွားတယ်။ တော့ ပိုပြီး ယဉ်ကျေးလာစေပါတယ်။ ထဘီနားကိုလည်း ခြေဖနောင့်နှစ်ဘက်နဲ့ ဆတ်ပြီး တင်ပါးထိအောင် ခတ် ကင်ရပါမယ်။ ဒါကြောင့် ထဘီနားကို တစ်ထောင့်ထွာလောက်ပဲ
ထားကြတာပါ။ ထဘီအနားက ရှည်ရင် ခုနကလို ခတ်မရတော့ဘူး။ ထဘီနားကြီး ဝဲနေအောင်
ပေါင်ရင်းထိ ကား ဒူးကြီးဖြဲပြီး ခြေသလုံးထိ အားပါအောင် ခတ်ရတော့ ရိုင်းတယ်။ ထဘီနားဝဲတာကလွဲလို့ မလှပါဘူး။

တစ်ခါ မြန်မာအကမှာ ထဘီနားကို ခတ်ပြီး လက်နဲ့ကောက်တဲ့ ကကွက် ပါတယ်။တော်တော်လှတဲ့ ကကွက်ပါ။ ဒီကကွက်မှာလည်း ခါးညွတ်ရပါမယ်။ ခြေဖနောင့်လေးနဲ့ တစ်ထောင့်ထွာ ထဘီနားကို တင်ပါးထိအောင် ခတ်လိုက်ရတယ်။ လက်ကလည်း အရုပ်လက်လေးလို တတောင်ဆစ်ကနေ အောက်ကို တင်ပါးနားထိ တန်းတန်းချထားပြီး ခတ်လိုက်လို့ လက်နားရောက်လာတဲ့ ထဘီနားကို ကောက်လိုက်ရတာပါ။ ထဘီနားဆွဲ အကလို့ခေါ်ပေမယ့် ထဘီနားကို သွားဆွဲတာ မဟုတ်ပါဘူး။ တက်လာတဲ့ ထဘီနားကို လက်နဲ့ ကောက်လိုက်ရတာပါ။

တစ်ခေတ် တစ်ခါက ကပေါ်ခဲ့တဲ့ ‘အောင်ဗလ’ဟာ မြန်မာပြည်အတွက် ဂုဏ်ယူစရာ ယောကျာ်းမင်းသမီးပါ။မြန်မာ့အနုပညာလောကအတွက် တစ်ဦးတစ်ယောက်တည်း ထူးချွန်စွာပေါ်ထွက်ခဲ့တဲ့ ယောကျာ်းမင်းသမီးပဲ။အောင်ဗလရဲ့ ကကြိုးကကွက်တွေဟာ တကယ့်မင်းသမီး စစ်စစ်တွေထက် သာတယ်၊ လှတယ်၊ ဆန်းသစ်တယ်။ သူ့ ကကြိုးလေးတွေ၊ ကကွက်လေးတွေကို လှသထက်လှအောင် ဖန်ဆင်းယူတာပဲ။ယောက်ျားမို့ ကျားကျားလျားလျား ယောက်ျားဟန် မဖြစ်စေပါဘူး။မြန်မာအမျိုးသမီးအက အနေနဲ့ မိန်းမဟန်ကို ယဉ်ကျေးစေရုံမက လှပအောင်
ကနိုင်သတဲ့။ အောင်ဗလက သူ့ ကကွက်တစ်ကွက်မှာ လက်ဖျားလေးကော့ထားပြီး ဒူးပေါ်မှာ တင်ထားရတယ်။ လက်ချောင်းလေးတွေ သဏ္ဌာန်က ဟင်္သာလက်သဏ္ဌာန်ဖြစ်တယ်။ လက်မောင်းတစ်ခုလုံးကျို့ပြီး ခါးနဲ့ကပ်ထားတယ်။ ထမီနားခတ်ပုံ၊ မျက်စိကြည့်ပုံ၊ ပုခုံးလှုပ်ပုံတွေမှာ ပုခုံးကို တစ်ဖက်ချင်း နောက်ကနေပြီးမှ အပေါ်ကို ဆတ်ကနဲ မ တင်လိုက်တာဖြစ်တယ်။ အဲ့ဒီလို စည်းဝါးအလိုက် ပုခုံးလေးကို ဝိုင်းဝိုင်းပြီး ဆတ်ကနဲ မ တင်လိုက်တော့ ပုခုံးပေါ်က ပုဝါလေးကလည်း တဖြည်းဖြည်း လျှောကျလာလိုက်တာ တင်ပါးအထက်နား
ခါးတောင်အင်္ကျီရဲ့ ခါးတောင်လေးနှစ်ဖက်ပေါ် ပုဝါလေးက တင်နေရော။ ဒါပေမယ့် ဆတ် ကနဆဲ၊
ကနမြဲ။ ကဲ ဘယ်လောက် လှလိုက်တဲ့ ကကွက် ကကြိုးလေးလဲ။ ဒီအကကို ဒေါ်သြဘာသောင်းက
မန္တလေးပန်တျာမှာ သူတီထွင်ခဲ့တဲ့ ကဗျာလွတ်အကရဲ့ ပထမအဆင့် ကကွက်(၁၂) မှာ မွမ်းမံပြီး
ပြန်ထည့်ထားတယ်။ ‘တုတ်ကြိုးအက’လို့ခါ်တယ်။ သိပ်လှတဲ့ ကကွက်ပေါ့။ ဒီကကွက်ကို ‘အောင်ဗလ’ဆီကရခဲ့တာ။ ‘အောင်ဗလ’ရဲ့ ကကွက်ကို အခြေခံ ထားတာပါ။

အဲ့ဒီ ‘တုတ်ကြိုးအက’ဆိုတာ နာမည်သာ ကြားဖူးပြီး မတွေ့ဖူး၊ မသိဖူးတော့ ပုဝါကြီးကို တင်ပါးအောက် သိုင်းပြီး လက်နှစ်ဖက်က ပုဝါအနားနှစ်ဖက်ကို တင်ပါးပေါ်အောင် ခပ်တင်းတင်းဆွဲပြီး လှည့်ပတ်
ကကြတယ်။ တချို့ကျပြန်တော့ ပုဝါမပါဘဲ လက်ဖဝါးကြီးနှစ်ဖက် ရှေ့လှန်ပြီး ကကြသေးရဲ့။မြန်မာ
မဆန်ပါဘူး။ မယဉ်ကျေးပါဘူး။ မလှပါဘူး။ တစ်ခါ တုတ်ကြိုးအကကို မြင်ဖူးရုံ မြင်ဖူးပြီး စနစ်တကျ
မလေ့လာဖူးသူတွေကလည်း ပုခုံးပေါ်က ပုဝါကြီးကိုပြုတ်ကျအောင်ကိုပဲ ပုခုံးကို လှုပ်လှုပ်ပြီး ခါချနေကြတယ်။ ပုဝါကတော့ ပြုတ်ကျပါရဲ့။ အမြင်က ရိုင်းလိုက်တာ၊ မလှဘူး။ အခုတော့ မြန်မာမင်းသမီး အကတွေက ယောက်ျားဘသား ကနေကြတော့တယ်။မြူးမှ သွက်မှ ခုန်မှ ပေါက်မှ ကားမှ ကော့မှ ပစ်မှ အကလို့ ထင်နေကြတယ်။ ယဉ်ယဉ် ညက်ညက်လေး က ရတဲ့ ယိုးဒယားကန်တော့ခန်းဆိုတဲ့ တပင်တိုင်အက ကိုတောင် အပျိုတော်အကလို ပစ်ခတ် ကော ကား ခုန်ပေါက် က နေကြလေရဲ့။ ဒီတော့ မင်းသမီး အကတိုင်းမှာ လှစေ ယဉ်စေ စတဲ့ ခါးအညွတ်က မပါတော့ဘူး။ ခါးပျောက်ကုန်တာပါပဲ။ ဒါကို လွန်ခဲ့တဲ့ နှစ်၄၀လောက် ကတည်းက မန္တလေးအငြိမ့်မှာ နာမည်ကြီး ခေတ်စားလို့ ခေါ်ကရတဲ့ ရန်ကုန်သူ ခေါင်းဆောင် မင်းသမီး အက ကို ကြည့်ပြီး ကွမ်းယာသည် သန်းတင်မက “မင်းသမီးက ခါးလည်းမပါဘူး” လို့ ပြောခဲ့တာပါပဲ။

တကယ်တော့ .. “အကဟာ အလှကို ဖန်ဆင်းနိုင်မှ အနုပညာမြောက်တာ မဟုတ်ပါလား။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW