ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့

ဧပြီ ၂၇-၂၀၂၃
SN (VOM)

ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ အလင်းသစ်ပရဟိတအသင်းကနေ သိရပါတယ်။

မနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်းက မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁)တံတားက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးမှာ ‌ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကိုဗစ်လူနာက ၁၀ ဦး တွေ့တာပါ။ သူတို့နဲ့အတူပြန်လာတဲ့ လူ ၄ ဦးမှာလည်း ဆက်စပ် သံသယလက္ခဏာ တွေ့ရှိခဲ့ရတဲ့အတွက် သူတို့ကို အခု မြဝတီမြို့က ရွှေမြစန္ဒီကွာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေပါတယ်”လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း အခု ဧပြီလအတွင်းမှာပဲ ကိုဗစ်ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 တွေ့ရှိခဲ့ပြီး ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦးကို သူနေထိုင်ရာ တိုက်ခန်းအတွင်းမှာပဲ ကိုဗစ်ရောဂါနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

အဲဒီ့လိုပဲ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ကိုဗစ်ကူးစက်မှုနှုန်းတွေ ပြန်လည် မြင့်တက်လာနေပြီး ဧပြီ ၂၅ ရက်နေ့၊ ည ၈ နာရီကနေ ၂၆ ရက်နေ့၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၃၆၀) ခုကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာသစ် (၆၈) ဦး တွေ့ရှိခဲ့တာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း (၀.၈၁) ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီ ၂၃ ရက်ကနေ ၂၆ ရက်အတွင်း အတည်ပြုလူနာ အရေအတွက် စုစုပေါင်း ၂၃၅ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်တဲ့ စာရင်းတွေအရ ရာနှုန်းဝက်မှာ ပြည်တွင်းကူးစက်ခံရသူတွေဖြစ်ပြီး ကျန်သူတွေကတော့ ပြည်ပကနေ ပြန်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် ဆေးရုံတွေမှာ ရောဂါကုသဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားမှုတွေပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ- အလင်းသစ်ပရဟိတအသင်း
#voiceofmyanmar #VOM #ထိုင်းနိုင်ငံပြန် #မြန်မာလုပ်သားဆယ်ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW