ဗကသအဖွဲ့ဝင် ကိုကောင်းဆက်ပိုင် တသက်တကျွန်းအမိန့်ကနေ သေဒဏ်အဖြစ် ထပ်တိုးအမိန့်ချခံရ

ဧပြီ ၂၉-၂၀၂၃
SN (VOM)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ်တသက်တကျွန်းကနေ သေဒဏ်အဖြစ် ထပ်တိုးအမိန့်ချမှတ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်မှ မနေ့ ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို အင်းစိန်ထောင်တွင်းတရားရုံးက ပြီးခဲ့တဲ့ မတ်လ ၂၂ က ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့နဲ့ တသက်တကျွန်း အမိန့်ချမှတ်ထားရာကနေ ဧပြီ ၂၅ ရက််နေ့မှာ ပုဒ်မ ၅၀ စျ၊ ၄၉ က တို့နဲ့ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အဖမ်းခံခဲ့ရတာ။ အဖမ်းခံရပြီး ၃ လကျော်အကြာမှာ အပြီးသတ်အမိန့် ချထားပြီးပြီ။ ဒါပေမယ့်လည်း လက်ရှိမှာ သေဒဏ်ဆိုပြီး ထပ်တိုးအမိန့်ချလိုက်တာပါ။ ဘာ့ကြောင့် အခုလို ပြစ်ဒဏ် ပြောင်းလဲလိုက်တယ်ဆိုတာကိုလည်း တိတိကျကျ ပြောဆိုထားတာ မရှိဘူး” လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၆၃၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၇၇၂၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၇၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ ရက်အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၁) ဦးရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၃) ဦးရှိကာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၉၀၆) ဦး ရှိတယ်လို့သိရပြီး အခုဖော်ပြထာတဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာဖြစ်ပွားနေတဲ့ အချက်အလက်နဲ့ ကိန်းဂဏန်းအရေအတွက်တွေကတော့ အခုထက်ပိုပြီး များပြားနိုင်တယ်လို့ သိရပါတယ်။

Photo – ABFSU
#voiceofmyanmar #VOM #ဗကသ #ကိုကောင်းဆက်ပိုင် #သေဒဏ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW