ဇွန် ၁၂ – ၂၀၂၃
SN + MM (VOM)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တစ်လုံးပေါ်ကို မနေ့ ဇွန် ၁၁ ရက်၊ ည ၉ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူက ဒီကမဟုတ်ဘူး။ ရန်ကုန်ကနေ ခဏလာတဲ့ ဧည့်သည်။ သူ့သား ကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှာ သွားယူပြီး ပြန်လာတာ။ ရန်ကုန်ကိုပြန်ဖို့အတွက် အဲ့ဒီ့ လက်နက်ကြီးကျည်ကျတဲ့ အိမ်မှာ ညအိပ်တည်းခိုနေတုန်း အခုလိုဖြစ်သွားတာ။ ဒဏ်ရာက တင်ပါးဆုံမှာ တစ်ချက်၊ နံရိုးကြားမှာ တစ်ချက်နဲ့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ခရစ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဇော်မင်းထွန်း အသက် (၄၇) နှစ် ဖြစ်ပြီး လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘားအံဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီ့ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်မှာ အခုရက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် ၊ ဝင်းရေးမြို့နယ်မှာ လက်နက်ကြီးကြောင့် နှစ်ကရင်ရွာက အမျိုးသမီး ၁ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
”မနေ့က ဖြစ်တာ ၊ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးတဲ့သူတွေက နှစ်ကရင်ကျေးရွာက ဒေသခံတွေပါပဲ၊ မသန်းအေး အသက်က ၂၉ နှစ်ကသေဆုံးသွား တယ်၊ သူကကျည်စထိမှန်ပြီး ဆေးရုံပို့ဆောင်တဲ့အချိန်လမ်းမှာ အသက်ဆုံးရှုံးသွားခဲ့တာ၊ နောက် ၁ ဦးက ဦးခေါင်းကြီး ဆိုတဲ့သူပါ အသက်က ၃၆ နှစ်ကျည်စထိမှန်ပြီး ထိခိုက် ဒဏ်ရာရခဲ့တာ၊ ဘယ်အဖွဲ့အစည်းက ပစ်ခတ်နေမှန်း မသိဘူး၊ ပါးစပ်ကတော့ သူ့စွပ်စွဲ ကိုယ့်စွပ်စွဲနဲ့ ခံနေရတာကပြည်သူတွေ၊ အခုဆို ကိုယ့်အိမ်ထဲကိုယ်နေတာတောင် သေနေကြရတယ်”လို့ ကရင်ပြည်နယ်အခြေစိုက် စစ်ရှောင်တွေကိုကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၉ ရက် ညပိုင်းကလည်း ကာ့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာအတွင်းကို လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးနဲ့ အမျိုးသား(၁)ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ တယ်လို့သိရပါတယ်။
#VOM #voiceofmyanmar #ကရင်ပြည် #လက်နက်ကြီးကျ #လူသေဆုံးမှု