ဇွန် ၁၉ – ၂၀၂၃
GG (VOM)
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စာရွက်စာတမ်းအတုလုပ်ပြီး ငွေကြိုကောက်ကာ အလုပ်သမားတွေကို အချိန်မီ ပြည်ပကိုအလုပ်စေလွှတ်ခြင်းမရှိတာကြောင့် အေဂျင်စီတွေ မဖြစ်မနေလိုက်နာရမယ့် သတိပေးချက်တွေကို အလုပ်သမားရေးညွှန်ကြားရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်က လက်မှတ်ရေးထိုးပေးပို့တဲ့ Employment Contract ကို မိတ္တူ ၃ စုံ ကူးပြီး အေဂျင်စီရဲ့ မန်နေးဂျင်းဒါရိုက်တာ လက်မှတ်ရေးထိုး အတည်ပြုပြီး အေဂျင်စီနဲ့အလုပ်သမားဟာ နီးစပ်ရာ မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှာ အလုပ်သမားတစ်ဦးချင်းစီအလိုက် စာချုပ်ချုပ်ဆိုရမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။
နောက်ပြီး အလုပ်သမားသံအရာရှိ ထောက်ခံတဲ့ Demand Letter နဲ့ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးက Demand Letterအတွက် ဦးစီးဌာန(ရုံးချုပ်)ကနေ စေလွှတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက် နိုင်ပြီဆိုတဲ့ ခွင့်ပြုချက်ရမှသာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုဖို့ ၊ ချုပ်ဆိုတဲ့အခါ Demand Letter ၊ အလုပ်သမား နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ (စင်ကာပူနိုင်ငံအတွက် IPA Letter ၊ မလေးရှား နိုင်ငံအတွက် Calling Visa ၊ ဂျပန်နိုင်ငံအတွက် CoE) ယူဆောင်သွားရမယ်လို့ သိရပါတယ်။
အဲ့ဒီလိုသတိပေးတဲ့အပေါ် ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုပေးနေသူတစ်ဦးက ” အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်တဲ့ လုပ်ငန်းစဥ်လွဲချော်နေတယ်။COE တင်ဖို့အတွက်ဆိုရင် အလုပ်ရှင်အလုပ်သမားစာချုပ် အရင်ချုပ်ဆိုရပါတယ်။ အလုပ်သင်လုပ်သားဗီဇာဆိုရင် ဖောင်နံပါတ် ၁-၁၄ ပါ။ကျွမ်းကျင်ဆိုရင် ဖောင်နံပါတ် ၁-၅၊၁-၆ ပါ။အဲဒီစာချုပ်တွေပါမှသာ COE တင်လို့ရတာပါ။အခု အပိုဒ် ၂ အရဆိုရင် COE ကျမှသာ အလုပ်ရှင်အလုပ်သမားစာချုပ် ချုပ်ဆိုရမယ်ဆိုတော့ သူများနိုင်ငံရဲ့လုပ်ငန်းစဥ်ကို သွားရှုပ်သလိုဖြစ်နေပါပြီ။အဓိက ရည်ရွယ်ချက်က အေဂျင်စီတချို့ရဲ့ လိမ်လည်အမြတ်ထုတ်မှုကြောင့်ဆိုရင်ကိုယ့်နိုင်ငံက အေဂျင်စီများကိုသာ စိစစ်ဖော်ထုတ်အရေးယူပေးရမှာပါ။အဲ့ဒီလိုမဟုတ်ဘဲ တခြားနိုင်ငံရဲ့ လုပ်သားခေါ်ယူမှုလုပ်ငန်းစဥ်ကို သွားတင်းကြပ်တာက ကိုယ့်ထမင်းအိုးကို ကိုယ်ရိုက်ခွဲတာပါပဲ။ဒါကဂျပန်အတွက်ပဲပြောပြတာပါ။”လို့ ပြောပါတယ်။
ဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ပြည်ပကိုစေလွှတ်မယ့် အလုပ်သမားအတွက် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ကိုလည်း Demand Letter ၊ တက်ရောက်မယ့်လူစာရင်း၊ နိုင်ငံကူးလက်မှတ်နဲ့အတူ MOEAF ကို တင်ပြရမှာဖြစ်ပြီး ပြည့်စုံတဲ့ အလုပ်သမားတွေကိုသာ သင်တန်းတက်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။
” မြန်မာသံရုံးက ထုတ်ပြန်တဲ့အလုပ်ခေါ်စာမှန်ကန်ကြောင်းထောက်ခံချက်ရရင် ပြည်ပထွက်ခွာလမ်းညွှန်သင်တန်း(ပင်လုံသင်တန်း)ကို ပေးတက်လိုက်ပေါ့၊အခါတော်ပေးတွေအနေနဲ့ လူကြီးတွေကိုအခါတော်ပေးတဲ့အခါ နည်းလမ်းမှန်မမှန်ဆိုတာ သေချာသုံးသပ်ပြီးမှသာ အခါတော်ပေးကြပါလို့ အကြံပြုလိုပါတယ်။မမှန်မကန်လုပ်တဲ့အေဂျင်စီတွေကိုလည်း အပြုတ်ဖြုတ်လိုက်ပါ။တချို့အေဂျင်စီတွေဆိုရင် အမှုတွေတန်းစီဖြေရှင်းနေရတာတောင် အပြုံးမပျက်ကြဘူး။”လို့ သူကထပ်မံ ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနကနေ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ လိုက်နာရမယ့် သတိပေးချက်တွေ အပြင် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ပြီးတဲ့ အလုပ်သမားတွေကို အကြောင်းပြချက်မရှိဘဲ ပြည်ပနိုင်ငံကို အချိန်မီစေလွှတ်ခြင်းမရှိရင် လိုင်စင်ရုတ်သိမ်းတဲ့အထိ အရေးယူမှာဖြစ်တယ်လို့ ဇွန်လ ၁၅ ရက် နေ့စွဲနဲ့ မနေ့က ထုတ်ပြန်လာတာဖြစ်ပါတယ်။
အေဂျင်စီတွေအနေနဲ့ အဆိုပါ သတိပေးချက်တွေကို ခုဇွန်လ ၂၆ ရက်နေ့ကစပြီး လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
ဂျပန်သွားဖို့ စောင့်ဆိုင်းနေတဲ့ ပဲခူးတိုင်းက လူငယ်တစ်ဦးက “သင်တန်းတွေတက်နေတာ ကြာပြီ၊ မကြာခင်သွားရမယ်လို့ပြောတာပဲ။ သိန်း ၅၀ လောက်တော့ကုန်နေပြီ။ စာချုပ်တွေဘာညာ ဘာမှမလုပ်ရသေးပါဘူး။ သင်တန်းပဲတက်နေရတုန်းပါ။နယ်ကဆိုတော့ သိပ်အဆင်မပြေဘူး။သူတို့ခေါ်ရင်သွားလိုက် လုပ်လိုက်ပဲ။ကုန်ကျမှုကများနေတော့ အမြန်ဆုံးသွားချင်တာပေါ့ ” လို့ ပြောပါတယ်။
အဆိုပါ သတိပေးချက်မှာ ထိုင်းနိုင်ငံကို စေလွှတ်မယ့် အလုပ်သမားတွေမပါကြောင်း ၊ ဂျပန်၊မလေးရှား ၊စင်္ကါပူနိုင်ငံတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အလုပ်အကိုင်ရှားပါးမှုပြဿနာကြောင့် လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံ၊မလေးရှားအပါအဝင် ဂျပန် ၊စင်္ကါပူနိုင်ငံ စတဲ့နိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ လုပ်ဆောင်တာတွေများပြားလာပါတယ်။
အဲ့ဒီလို ပြည်ပကို အလုပ်အကိုင်သွားရောက်လုပ်ကိုင်လိုသူများလာတာနဲ့အတူ အလုပ်သမားတွေအပေါ် လိမ်ညာပြီး ငွေကြေးတောင်းတာ၊ ငွေပိုတောင်းတာတွေလုပ်ပြီး ပြည်ပကို မစေလွှတ်တဲ့ကိစ္စတွေလည်းရှိလာနေတာဖြစ်ပါတယ်။
#VOM #voiceofmyanmar #အလုပ်သမားရေးရာကဏ္ဍ