ဇူလိုင် ၃၊ ၂၀၂၃
Shy V(VOM)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာနားမှာ ဒီကနေ့ ဇူလိုင် ၃ ရက် မနက် အစောပိုင်းကစ တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာအောက်နားက တံတားမှာလေ။ ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်နေတာ။ ရွာက လူတွေတော့ မရှိတော့ဘူးအကုန် ထွက်ပြေးရပြီ။ လက်ရှိတော့ ရှောင်နေရတယ်။ အိမ်ခြေတော့ ၃၀၀ လောက်ရှိမယ်၊ ရုတ်တရက် ဘေးလွတ်ရာ ထွက်ပြေးကြရတာကြောင့် ဦးတည်ရာမရှိ ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် ဘယ်သူတွေက ဘယ်နေရာတွေဘက် ရှောင်ကြတယ်ဆိုတာတော့ အတိအကျ မသိဘူး”လို့ ဒေသခံ အမျိုးသား ၁ ဦး က ပြောပါတယ်။
နောက်ထပ် ဒေသခံ ၁ ဦးကလည်း”လက်နက် ပစ်ခတ်သံ ကြားနေတယ်။ နမ့်ဆန်ယန်ကနေ ဒီမနက် ၄ နာရီခွဲကျော်ခန့်ကနေ သေနတ် ပစ်ခတ်သံတွေ စ ကြားနေရပြီ
၊လွယ်လွမ်၊ အောင်ဂျာ တို့ဘက်မှာရှိတဲ့ စစ်တပ်က အောက်ဘက် နမ်ဆန်ချောင်းကနေ ဖြတ်လာလို့ မရလို့ နမ်ဆန်တံတားပေါ် ကနေဖြတ်လာကြတာမှာ ကေအိုင်အေဘက်က စောင့်ကြိုပြီး ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်လာတာ၊ ဒီနေ့ နမ်ဆန်ယန်မှာ တိုက်ပွဲဖြစ်နေတာ ၂ ကျော့ ရှိပြီ။ မနက် အစောပိုင်း ၁ ကြိမ်၊ ၉ နာရီ ဝန်းကျင်ကစ ၁ ကြိမ်” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာတော့ အထိအခိုက်ရိတယ်လို့ ဒေသခံတွေပြောဆိုနေကြပေမယ့် VOMအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ လေကြောင်း တိုက်ခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း နမ်ဆန်ယန်မှာ တပ်နဲ့ ကေအိုင်အေတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ဝန်းကျင်ကလည်း တပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ နမ်ဆန်ယန်ဒေသခံတွေ အများအပြား တိုက်ပွဲတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
နမ်ဆန်ယန် အနီးဝန်းကျင် တိုက်ပွဲထပ်မဖြစ်ဖို့ အာမခံချက်နဲ့ ဒေသခံ စစ်ရှောင်ပြည်သူတွေကို တပ်က ဦးဆောင်ကာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ နေရပ်ပြန်ပို့ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo Crd-CJ
#voiceofmyanmar #VOM #နမ်ဆန်ယမ် #တိုက်ပွဲထပ်မံဖြစ်ပွားမှု