ဇူလိူင် ၃- ၂၀၂၃
GG (VOM)
စျေးကွက်ထဲကို နွေစပါးဝင်ရောက်မှု များလာတာနဲ့အတူ နွေစပါးစျေးနူန်း ကျဆင်းလာသလို စပါး အဝယ်လည်းအေးနေတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ နွေစပါးတွေ စတင်ပေါ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ အရင်လတွေတုန်းက နွေစပါးအသစ် စက်ကျအစို တင်း ၁၀၀ ကို စပါးအမျိုးအစားပေါ်လိုက်ပြီး ၁၅၀၀၀၀၀ သိန်းကနေ ၁၇၀၀၀၀၀ သိန်းအထိရှိခဲ့ပေမယ့် လက်ရှိ ပဲခူးတိုင်းက နွေစပါးတွေစျေးကွက်စတင်ဝင်ရောက်ချိန်မှာတော့ စပါးစျေးဟာ တင်း၁၀၀ စက်ကျအစိုကို ၁၃ သိန်း အထိ စျေးတန်း ကျသွားတယ် လို့ သိရပါတယ်။
ဒါကြောင့် နွေ စပါးအသစ်စျေးဟာ တင်း ၁၀၀ ကို ၃ သိန်းကျော်လောက် ပြုတ်ကျသွားတာဖြစ်လို့ နွေစပါးအသစ်တွေ အခုမှစတင်ရိတ်သိမ်းတဲ့ ပဲခူးတိုင်းကတောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။
” ကိုယ့်ဘက်က နွေစပါးမပေါ်ခင်တုန်းက စျေးကောင်းတယ်။အခုကျ စျေးက ပြုတ်ကိုကျသွားတာ ။စပါးစျေးကောင်းတယ်ဆိုပြီး မြေဩဇာတွေဖိပက်ထားရတာ၊ပေါင်းသတ်ဆေးတွေရောဖြန်းရတာ၊အခု စျေး ကျတော့ စိတ်ဓာတ်ကိုကျနေတယ်၊ကျနော်တို့ဘက်က ရေပေးတာကို နောက်ကျတော့ စပါးရိတ်ချိန်ပါနောက်ကျတာပေါ့။နှစ်တိုင်း ဘယ်တော့မှစျေးကောင်းမရဘူး။ဧရာဝတီတိုင်းဘက်ကပေါ်နေတာကြာပြီ ကွင်းတောင်ကုန်တော့မယ်ဆိုပေမယ့် သူတို့ဘက်ကစျေးက ကျနော်တို့ထက်လည်းမြင့်တယ် ၊သူတို့ကစျေးကောင်းရကြတာပေါ့။ကျနော်တို့ကတော့ ဒုက္ခရောက်တာပေါ့ဗျာ၊မရောင်းလို့လဲမဖြစ်တဲ့အခြေအနေဆိုတော့ ” လို့ ပြည်ခရိုင်ရှိ နွေစပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းမှာက နွေစပါးတွေ ရိတ်သိမ်းပြီးစီးမှုအနေနဲ့ ၈၀ ရာခိုင်နူန်းလောက် ရှိနေပြီဖြစ်ပေမယ့် ပဲခူးတိုင်းဘက်မှာတော့ အခုမှနွေစပါးစိုက်ခင်းအနည်းငယ်သာ စတင်ရိတ်သိမ်းရတာဖြစ်ကြောင်း ၊ စိုက်ဧက များစွာရိတ်သိမ်းဖို့ကျန်နေတယ်လို့သိရပါတယ်။
” ရက် ၉၀စပါး ၁၃ သိန်းတဲ့၊ စျေးကြားပေမယ့် ဝယ်သူက ရှားနေတယ်။စျေးကတစ်နေရာနဲ့တစ်နေရာ မတူဘူး ၊တချို့ဘက်ဆို ၁၂ သိန်း ၅ သောင်းလို့လည်းကြားတယ်။ အခု စပါးက စျေးကွက်ထဲ ပေါနေတော့ ကုန်သည်တွေက ချဝယ်တဲ့သဘောပေါ့၊ဧရာဝတီဘက်ကတော့ လှမ်းဝယ်တာရှိတယ် သူတို့ဆီအရောက်ပို့ပေါ့ ၁၄ သိန်း တဲ့၊ကားခနဲ့ ကုန်ကျစရိတ်နဲ့ကျ မပို့နိုင်ပါဘူး၊စပါးစျေးသာကျတာ ဆန်စျေး က သိသိသာသာ မကျ ဘူး ” လို့ ပဲခူးအနောက်က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
ပဲခူးအနောက် ဆန်စက်ပိုင်ရှင်တစ်ဦးကလည်း ” အရင်က ၁၅သိန်းခွဲထိ ဝယ်ရတယ်၊အခုက တော်တော်ကျသွားတာ ၊ ၁၃ သိန်းဆိုတာ စက်အရောက်ပို့စျေးပါ ၊ စက်ကျအစိုဆိုပေမယ့် အရမ်းအစိုကြီးတော့မဟုတ်ဘူးပေါ့ “လို့ ပြောပါတယ်။
နွေစပါးစျေးကသာကျပြီး၂၀၂၂ မိုးစပါး အဟောင်းကတော့ စျေးတန်းမကျဘဲ တင်း ၁၀၀ ကို ၁၉ သိန်းကနေ ၂၂ သိန်းအထက်မှာရှိနေသလို ဆန်စျေးကလည်း ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အသစ်၊ အဟောင်း က သိသိသာသာကျဆင်းတာမရှိသေးဘူလို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း MRPTAထုတ်ပြန်တဲ့ ဆန်စျေးကတော့ ရက် ၉၀ ဆန်တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၁၅၀၀ ကျပ်ရှိပြီး သီးထပ်ရှယ် ဆန်ကတော့ ၆၂၀၀၀ ကနေ ၆၃၀၀၀ ကျပ်ရှိပါတယ်။
လက်လီစျေးကွက်မှာတော့ ဆန်တစ်ပြည်ကို အနည်းဆုံး ၂၇၀၀ ကျပ်ကစရှိတယ်လို့သိရပါတယ်။
“နွေစပါး မိုးကြိုစပါးတွေ အလုံးအရင်း ထွက်လာသလို exporter ကြီးတွေ အဝယ်ရပ်လိုက်ကြလို့ တောင်သူတွေ ထိခိုက်ရပါတယ်၊နွေဆန်ခေါ်တဲ့ သီးထပ်ပု(သီးပု) ရက်၉၀ သီးထပ်ဇီယာ စတဲ့ ဆန်တွေက ပြည်တွင်း စားသုံးမှုအထိုက်အလျှောက်ရှိလို့ အခုထိ သိသိသာသာ မကျဆင်းသေးဘူး ။ဆန်အသစ်ဝင်လို့ ဆန်ကြမ်းစျေးပဲနည်းနည်းလောက်ကျတယ်။ပေါ်ဆန်းမွှေးဆိုရင် တစ်နှစ်တစ်ကြိမ်ပဲ စိုက်တာမို့လို့ အခုနှစ် နိုဝင်ဘာလောက်မှပြန်ပေါ်မှာ ၊ဒီတော့ စျေးတန်းက အကျမရှိနိုင်ဘူးလို့ ထင်ပါတယ်။ပေါ်ဆန်းက လှောင်ထားတဲ့စက်ပိုင်တွေရှိတယ်၊ကုမ္ပဏီတွေလည်းရှိနေတယ် “လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
MRPTA ကထုတ်ပြန်တဲ့ ဆန်စျေးမှာလည်း ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ၁၁၀၀၀၀ ကျပ်ရှိပြီး ပြင်ပဆန်စျေကွက်မှာတော့ ၁၃၀၀၀၀ အထက်မှာရှိနေပါတယ်။
လက်ရှိမှာ ရန်ကုန်ကို ဆန်အဝင်နည်းနေတဲ့အပြင် အရောင်းအဝယ်လည်းအေးနေတယ်လို့သိရပါတယ်။
နွေစပါးကိုတော့ ထိုင်းနှံကောက် ၊ရက် ၉၀ ၊ ၊ GW 11 စပါး၊ဆင်းသုခ စတဲ့ သက်တမ်းတို စပါးမျိုးအချို့ကို စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နဲ့ တာဝန်ရှိသူတွေက ပဲခူးတိုင်း အပါအဝင် တိုင်း ၅ ခုကို ဆန် နဲ့စပါး သိုလှောင်မှုစာရင်း အခုလမှာ စတင်ကောက်မယ်လို့ ပြောဆိုပြီးနောက်မှာ အခုလို စပါးစျေးကျသွားတာဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။
#voiceofmyanmar #VOM #နွေစပါးကဏ္ဌ