မတ် ၁၂ – ၂ဝ၂၅
KKO(VOM)
ရုရှားနိုင်ငံထုတ်ကားများ မြန်မာကို တင်သွင်းမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လက်ရှိ ပြည်တွင်းကားဈေးကွက်မှာတော့ ဒီကိစ္စကြောင့် သိသိသာသာ အပြောင်းအလဲမရှိသေးဘူးလို့ ရန်ကုန်ကားဈေး ကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က နစက ဥက္ကဌ ရဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံခရီးစဥ်တွေအပြီးမှာ ရုရှားနိုင်ငံထုတ် ကားတွေကို ပြည်တွင်းသို့တင်သွင်းမယ်ဆိုတဲ့ သတင်းတွေဟာ ကားလောကအသိုင်းအဝိုင်းကြားမှာ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဘီလာရုစ်နဲ့ မြန်မာနှစ်နိုင်ငံအကျိုးတူပူးပေါင်းပြီး EV လျှပ်စစ်ကားတွေကိုထုတ်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်။
“ရုရှားနိုင်ငံထုတ်ကားတွေ တင်သွင်းမယ်ဆိုပေမယ့် ပြည်တွင်းကားဈေးကွက်ကို သူကထိခိုက်မှုမရှိနိုင်ဘူးလို့ ပြောလို့ရတယ်။အခုလက်ရှိ မူဝါဒလို ၂ဝ၂၄ -၂ဝ၂၅ မော်ဒယ်မြင့်ကားတွေပဲ သွင်းလာမယ်ဆိုရင် ပြည်တွင်းကားဈေးကွက်က သိသိသာသာ ပြောင်းလဲမှုဖြစ်မှာမဟုတ်ဘူး။မြေပြင်ဈေးကွက်ကို ထိခိုက်မှုမရှိနိုင်ဘူး။သိပ်တော့မထူးဘူး။ကားဈေးကျဖို့ ဆိုတာကလည်း အစိုးရရဲ့ကားနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ထူထူးခြားခြား ပြောင်းလဲမှုဖြစ်မှပဲရမယ်။ဒါပေမဲ့ အစိုးရက သူတို့လည်း လုပ်စရာတွေကများ တော့ ကားဘက်ကိုပြန်မလှည့်နိုင် သေးဘူးထင်ပါတယ်။အခုက ဂျပန်တပတ်ရစ်တွေကို သွင်းခွင့်ပိတ်ထားတုန်းပဲလေ၊အခုသွင်းရမှာလည်းမော်ဒယ်မြင့်ကားတွေပဲဆိုရင် သိပ်ပြီးတော့ ဈေးကွက်ကို ထူးထူးခြားခြားပြောင်းလဲမှု မရှိနိုင်ဘူး။ကားတွေကို ဈေးသက်သက် သာသာနဲ့ တင်သွင်းခွင့်ပေးမယ်၊ဟိုးအရင်ကလို ဂျပန်တပတ်ရစ်တွေကိုပြန်ပြီးတော့တင်သွင်းခွင့်ပေးမယ်ဆိုရင် ပြည်တွင်းကားဈေးက တမျိုးတဖုံပြန်ဖြစ်လာနိုင်မယ်။လက်ရှိကတော့ ကားဈေးတန်းတွေက မာနေအုံးမှာပါ”လို့ ရန်ကုန်မြို့က ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။
လက်ရှိအချိန်မှာ ဈေးကွက် အနေအထားအရ ကားအရောင်း၊အဝယ်တွေပါးနေပေမယ့် ပြည်တွင်းကားဈေးတန်းတွေဟာ အမြင့်ပိုင်းမှာသာရှိနေပြီး ဈေးမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒါအပြင် အခုလက်ရှိဈေးကွက် အနေအထားက ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်နဲ့သာအရောင်း အဝယ်တွေကို အများဆုံးပြုလုပ်နေရတယ်လို့လည်း ဆိုပါတယ်။
“ဈေးကွက်မှာက ကြိုက်ရောင်း၊ကြိုက်ဝယ်ပါပဲ၊ကြိုက်ရင်ရောင်း ကြိုက်ရင်ဝယ် ဒါပါပဲ။ကားဈေးက လုံးဝထိုးကျသွားတာမျိုးတော့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းတယ်။ဈေးကျမယ်ဆိုရင်လည်း အတိုင်းအတာတခုအထိပဲ ကျနိုင်မယ်။လုံးဝဈေးကပြုတ်ဆင်းသွားမှာတော့မဟုတ်ဘူး။ဘယ်သူမှလည်း အရှုံးခံပြီး သိပ်ရောင်းကြမယ်လို့ မထင်ပါဘူး။နောက်ရုရှားနဲ့ ဘီလာရုပူးပေါင်းပြီးတော့ EV လျှပ်စစ်ကားထုတ်မယ်ဆိုတာကလည်း အရင်ဆူဇူကီးတွေလို SKD စနစ်နဲ့ ပြည်တွင်းမှာ ထုတ်လာနိုင်တယ်။ဒါကလည်း ဈေးကွက်ကို သိပ်ထိခိုက်မှုမရှိနိုင်ဘူးလို့ထင်ပါတယ်။သူ့ကိုပြည်တွင်းမှာ SKD တွေထုတ်သလို ပုံစံမျိုးပဲ ထုတ်နိုင်ပါတယ်”လို့ ပြည်တွင်းကားဈေးကွက် ကျွမ်းကျင်သူ တယောက်က ထပ် လောင်းပြောပြပါတယ်။
လက်ရှိ ပြည်တွင်းကားဈေးကွက်မှာ လူကြိုက်များနေတာက ဂျပန်ကားတွေသာဖြစ်ပြီး ဂျပန်ကားတွေကသာ ဈေးကွက်မှာ အရောင်းအဝယ်အသွက်ဆုံးဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
“တကယ်တမ်းကျ EV တွေက လူကြိုက်နည်းကြတယ်။ဂျပန်ကားပါပဲ၊ဂျပန်ကားကျတော့ သူကအပို ပစ္စည်းလည်းပေါတယ်။မြန်မာနိုင်ငံ အခြေအနေတွေနဲ့လည်း ကိုက်ညီတယ်။နောက် သူ့ကို ပြင်ဆင်ရတာတွေသိပ်မရှိဘူး။ပြင်ဆင်ရတာတွေလည်းနည်းတယ်။အကို့ အသိဆိုလွန်ခဲ့တဲ့ ၉ နှစ်လောက်ထဲက ဝယ်ထားတဲ့ ပရိုဘောက်က အခုအထိ အင်ဂျင်ဝိုင်ပဲလဲရတာ ရှိတယ်။ကျန်တာဘာမှ လုပ်ရတာမျိုးမရှိဘူး။အဲဒါကြောင့် ဂျပန်ကားတွေက လူပိုကြိုက်တယ်။ဈေးကွက်မှာလည်း အသာစီးရတယ်။အခုဂျပန်နောက်မှာဘာလိုက်လာလဲဆိုရင် တရုတ်ကားတွေ အခုနောက်ပိုင်းအရောင်းအဝယ်ဖြစ်လာတာတွေ့ရတယ်။ပြည်တွင်းကားဈေးကွက်မှာက ဂျပန်၊တရုတ်၊ကိုရီးယား အဲလိုလေးပေါ့၊အစဉ်လိုက်လေးတော့ရှိတယ်။ဂျပန်ကားကတော့ လူကြိုက်အများဆုံးဖြစ်တယ်၊ဒါငြင်းလို့မရဘူး၊နောက် EV က ဘာလို့ လူစိတ်ဝင်စားမှုနည်းသလဲဆိုရင် ဒီမှာက လျှပ်စစ်မီးအခက် အခဲရှိတယ်လေ၊အဲဒါကြောင့် EV ကိုလူစိတ်ဝင်စားမှုနည်းတယ်။နောက် EV က ဟိုင်းဝေးတွေ သွားတဲ့အခါတွေမှာ အားသွင်းဖို့နေရာတွေက ရှာရခက်တယ်။လက်ရှိပုံစံအတိုင်းဆိုရင် ပြည်တွင်းကားဈေးကွက်က သိသိသာသာ အပြောင်းအလဲမရှိနိုင်သေးဘူး။ကားဈေးကွက်က သိသိသာသာလှုပ်တာမျိုးချည်းမဖြစ်နိုင်သေးဘူး”လို့ ကားဝယ်ရောင်း လုပ်ငန်းရှင်တယောက်က ထပ်မံ ပြောပြခဲ့ပါတယ်။
ပုံစာ – ရန်ကုန်မြို့ရှိ ယာဉ်ရောင်းဝယ်ရေးစခန်းတခုကို တွေ့ရစဉ်။