မိုးဖျက်လို့ ဆောင်းသီးနှံ မတ်ပဲနဲ့ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားလို့ တောင်သူတွေ ဒုက္ခရောက်

 

နိုဝင်ဘာ ၁၃ ၊ ၂၀၂၆
CC (VOM)

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲ ၊ ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားတဲ့အတွက် စိုက်ဧကနဲ့ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။

ပုံမှန်ဆိုရင် ပဲတီစိမ်းနဲ့ မတ်ပဲကို အောက်တိုဘာလကုန်လောက်ကတည်းကစပြီး နိုဝင်ဘာ ၁၅ ရက်မကျော်ခင်မှာ တောင်သူ အများစုစိုက်ပျိုးပြီးစီးလေ့ရှိပေမယ့် အခုတော့ မိုးဆက်တိုက်ရွာပြီး ရေဝင်ရောက်မှုကြောင့် နိုဝင်ဘာလကုန်လောက်မှသာ စတင်စိုက်ပျိုးနိုင်မယ့်အခြေအနေ ရှိနေပါတယ်။

ပဲစိုက်ရာသီချိန်ကျော်လွန်ပြီးမှ စိုက်ပျိုးပါက အပင်ပေါက်နူန်းမကောင်းတော့ဘဲ အပင်အားကောင်းမှုလျော့ကျသွားခြင်းကြောင့် အထွက်နူန်း သိသိသာသာလျော့ကျကာ တောင်သူတွေ ဆုံးရှုံးမှုရှိနိုင်တာကြောင့် ပဲစိုက်ဧကတွေ လျှော့ချစိုက်ဖို့ နဲ့ လုံးဝမစိုက်ပျိုးတော့ဘဲထားဖို့ စဥ်းစားနေကြပါတယ်။

ဒီနှစ်က အယ်လ်နီညိုဖြစ်စဥ်သက်ရောက်မှုကြောင့်လည်း ပဲအပါအဝင် စိုက်ခင်းတွေ သီးနှံအထွက်နူန်းလျော့နိုင်တဲ့ အခြေအနေတွေပါရှိနေတော့ တောင်သူတွေမှာ အခက်ကြုံနေကြရတာပါ ။

” မိုးသာမရွာရင် ပဲတွေကြဲပြီးပြီ။ အခုတော့ ဘာမှလုပ်မရဘူး။ လယ်တွေထဲ ရေအပြည့်ဘဲ။ ပဲကြဲရတာက မြေကြီးခြောက်နေမှ အဆင်ပြေတာ ။ မစိုအခြောက်လည်းမရဘူး။ နောက်ကျမှ ပဲကြဲရင်ဘအထွက်လျော့မယ် ရှုံးမယ်။ မလုပ်ပဲ လယ်ကိုဒီတိုင်းထားပြန်တော့လည်း မိရိုးဖလာ စီးပွားရေး အလုပ်ဆိုတော့ မပြေပြန်ဘူး။ဒီတော့ လယ်အကုန်မစိုက်တော့ပဲ တချို့ကိုပဲ အရဲစွန့်စိုက်ကြည့်မလားဆိုပြီး တွေးထားတယ်။ ” လို့ ပဲခူးအနောက်ခြမ်းတောင်သူတယောက်က ပြောပါတယ်။

ခုနောက်ပိုင်းမှာ မတ်ပဲကြဲမယ်ဆိုရင် တဧကကို ပိဿာ ၃၀ ကနေ ၄၀ အကြား ( နှစ်တင်း) ပက်ကြဲလေ့ရှိပြီး လယ်ထွန်စက်မောင်းခက ၁၂၀၀၀၀ ကျပ်နဲ့ ပဲမျိုးစျေးက ပိဿာ ၂၀ တတင်းကို ၁၃၀၀၀၀ ကျပ်ရှိတာကြောင့် အရဲစွန့်ပြီး ပဲကြဲပါက အရင်ဆုံး ၃ သိန်းခွဲမှ ၄ သိန်းနီးပါး ကုန်ကျမှာ ဖြစ်လို့ တောင်သူတွေ အခက်ကြုံနေရတာပါ။

အလားတူ ပဲတီစိမ်းကလည်း မြေကြီးခြောက်မှ ပက်ကြဲရတာဖြစ်ပြီး.နေရာဒေသအပေါ်လိုက်ပြီး စက်မောင်းခနဲ့ ပဲမျိုးဖိုး အလုပ်သမားခကုန်ကျစရိတ်တင် ၃ သိန်းအထက်ရှိတယ်လို့ သိရပါတယ်။

တကယ်လို့ စိုက်ဧကလျော့ပြီး ပဲအထွက်နူန်း လျော့ပါက ပြည်ပတင်ပို့မှုလည်းလျော့ကျကာ နိုင်ငံခြားဝင်ငွေ ရရှိမှုလည်းသိသိသာသာ လျော့ကျသွားနိုင်ပါတယ်။

ဒါအပြင် ကျေးလက်နေ လူထုအတွက်လည်း ရာသီချိန်အလုပ်အကိုင် ရှားပါးမှုကို ကြုံတွေ့ရနိုင်ပါတယ်။

” ပဲတွေကခုထိတောင် မစိုက်ရသေးတော့ အထွက်လျော့မှာ သေချာသလောက်ပဲ။ ပဲတီစိမ်း နဲ့မတ်ပဲက ပြည်ပပို့ကုန်ထဲက အဓိကတင်ပို့မှုများတဲ့အထဲပါတယ်။ ဒီတော့ ပြည်ပတင်ပို့မှုလျော့ရင် နိုင်ငံတော်ကနေရရှိမယ့် အခွန်အခတွေ ၊ နိုင်ငံခြားငွေရရှိမှုလည်း လျော့မယ်။ ကောင်းတာတခုမှမရှိဘူး။သက်ရောက်မှုကအများကြီးရှိတယ်။ ဒီတော့ အစိုး ရအနေနဲ့က တောင်သူတွေခုလို ကြပ်တည်းချိန်မှာ ပဲအတွက် အဓိကသုံးရတဲ့ စိုက်ပျိုးရေးဆေးတွေကို စျေးအသင့်အတင့်နဲ့ ဝယ်လို့ရအောင်လုပ်ပေးဖို့လိုတယ်။ စျေးကွက်ခိုင်မာအောင်လည်းလုပ်ပေးဖို့လိုတယ်။ ” လို့ ကုန်သည်တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံ ၊ တရုတ် နဲ့ ဥရောပနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာဆိုရင် အိန္ဒိယနိုင်ငံကို မြန်မာကနေ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းတထောင်နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်ပဲနဲ့ ပဲတီစိမ်းကိုတော့ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း နဲ့ ရန်ကုန်တိုင်းမှာ ဆောင်းသီးနှံအဖြစ်အဓိက ဧကအများအပြား စိုက်ပျိုးကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ
#Voiceofmyanmar #VOM #ဆောင်းသီးနှံ #မတ်ပဲ #ပဲတီစိမ်း

Related posts

✕
VOM News

FREE
VIEW