ထိုင်းကို MOUစနစ်နဲ့သွားရင် ဝန်ဆောင်ခ အများဆုံး ၃ သိန်းနဲ့ ဘတ် ၇၀၀၀ ကျော်သာ သတ်မှတ်ထားပေမယ့် လက်တွေ့မှာ သိန်း ၄၀ အထိကုန်ကျနေတယ်လို့ သိရ

ဇူလိုင် ၈ – ၂၀၂၃
GG (VOM)

ထိုင်းကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ့် အလုပ်သမားတစ်ယောက်ဟာ ဝန်ဆောင်ခအဖြစ် ၃ သိန်း နဲ့ ကျန်းမာရေးအာမခံ အများဆုံး ဘတ် ၇၀၀၀ ကျော်သာ ကုန်ကျမှာဖြစ်ပေမယ့် လက်တွေမှာတော့ မြန်မာငွေ သိန်း ၄၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့ ထိုင်းကိုသွားဖို့လုပ်နေသူတွေဆီက သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ်ဆိုရင် ​ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက အလုပ်သမားတစ်ယောက်ကို ၃၀၀၀၀၀ သိန်းနဲ့ ၅၃၉၀ ဘတ် ကုန်ကျမှာဖြစ်ပြီး SSB အကျုံးမဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃သိန်းနဲ့ ဘတ်ငွေ ၇၆၀၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ အေဂျင်စီတွေအနေနဲ့ သတ်မှတ်နူန်းထားထက် ပိုပြီးကောက်ခံနေပါက ဝန်ဆောင်ခအဖြစ်ပေးရတဲ့ နူန်းထားကို အထောက်အထား ၊သက်သေနဲ့တကွ တင်ပြတိုင်ကြားနိုင်တယ်လို့သိရပါတယ်။

“mou စနစ်ဆိုရင်တော့ SSB က အကုန်ပါတာများပါတယ်။ SSB အကျုံးဝင်အလုပ်ဆိုရင် ၃သိန်းနဲ့ဘတ် ၅၃၉၀ ပဲကုန်မယ်၊ SSB အကျုံးမဝင်အလုပ်ဆိုရင် ၃သိန်းနဲ့ ဘတ် ၇၆၀၀ ကုန်မယ်။တကယ်လို့ ခုပြောသလို သိန်း၄၀ လောက်ပေးရတယ် ကုန်တယ်ဆိုရင် ကိုယ်ပေးရတာကို အထောက်အထား၊သက်သေ ခိုင်လုံရှိရင်တိုင်လို့ရပါတယ်။အဲ့ဒီအခါကျ စိစစ်ပြီး လိုင်စင်ပိတ်တာအရေးယူတာမျိုးလုပ်မှာပေါ့ ” လို့ မြန်မာရွှေ့ပြောင်းလုပ်သားဌာနခွဲက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းကို တရားမဝင်လမ်းကြောင်းဖြစ်စေ၊ mou စနစ်နဲ့ သွားသည်ဖြစ်စေ အလုပ်သမားတစ်ဦးကို မြန်မာငွေ သိန်း ၃၀ ကနေ ၄၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့ သိရတယ်။

” စာပဲထုတ်မနေနဲ့ အောက်ခြေကို ဆင်းကြည့်ကြပါလို့ပြောချင်တယ်။သူတို့ပြောတဲ့စျေး ဘယ်အေဂျင်စီမှ လုပ်မပေးဘူး၊ ကျနော်ဆို အခုသွားဖို့လုပ်နေတာ ၄၀ လောက်ကုန်မယ်ပြောတယ်။ကျနော့်သူငယ်ချင်းဆိုရင် မလေးသွားတာ ၈၀ လောက်ကုန်တယ်။ “လို့ ထိုင်းကိုသွားမယ့်သူတစ်ဦးက ပြောပြပါတယ်။

ထိုင်းကိုသွားဖို့ စောင့်နေတဲ့ အမျိုးသမီးတစ်ဦးကလည်း” သိန်း ၃၀ ကျော် ၄၀ လောက်ကုန်မယ်ပြောတယ်၊အတိအကျတော့မသိရသေးဘူး ။ အခုပတ်စ်ပို့လုပ်တာတင် ၇ သိန်းကျော်လောက်ကုန်တယ်၊လမ်းစရိတ်နဲ့ပေါင်းရင် ၈ သိန်း လောက်ကုန်တယ်။ ညီမယောကျ်ား သွားတုန်းက ၂၀ လောက်ပဲကုန်တယ်။ သူ့တုန်းက ပတ်စပို့လုပ်ခက ၁၅၀၀၀၀ ပေးရတာ။အခုညီမတို့က အရမ်းတက်သွားတာ။အခုလည်း အလုပ်ခေါ်စာက ကျပြီပြောတယ် ဘယ်လိုလဲမသိသေးဘူး “လို့ ပြောပါတယ်။

အလုပ်သမားတစ်ယောက်က ဝန်ဆောင်ခအဖြစ် သိန်း ၄၀ ကျော်အထိ ပေးနေရပေမယ့် ထိုင်းကိုရောက်တဲ့အခါ အလုပ်အကိုင်အဆင်မ​ပြေခြင်း အပါအဝင် စတဲ့အလုပ်သမားရေးဆိုင်ရာ အခက်အခဲတွေ ကြုံ‌တွေ့ခဲ့ရင်လည်း အေဂျင်စီတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးတာမျိုး နည်းပါးတယ်လို့ သိရပါတယ်။

” ဒီမှာ ပြောတာ အလုပ်တမျိုး ၊ဟိုရောက်တော့လုပ်ရမယ့်အလုပ်က တမျိုးဖြစ်နေလို့ အဲ့ဒီမှာ ခဏလုပ်ပြီး နောက်တစ်ခုကို ထပ်ရှာပြောင်းပြီးလုပ်နေရတယ်။လုပ်တဲ့အခလည်း ၂လစာလောက်မရဘူး၊ သွားတာ ၆ လလောက်ရှိပေမယ့် အရင်းတောင်မကျေသေးဘူး၊ ကျမလည်း သူ့နောက်ကိုလိုက်ဖို့ စောင့်နေတာ၊ သူသွားတုန်းက တရားမဝင် သွားတာတောင် ၂၅ သိန်း ပွဲစားကိုပေးရတယ်။ အလုပ်ခဏခဏပြောင်းနေရတယ် “လို့ ထိုင်းသွားဖို့ စောင့်နေသူ နောက်ထပ်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် မလေးရှားကိုသွားမယ်ဆိုရင်လည်း မြန်မာငွေ ၂၅၅၀၀ နဲ့ အမေရိကန်ဒေါ်လာ ၈၅၀ သာကုန်ကျမှာဖြစ်ပေမယ့် ပြင်ပမှာ တကယ်ကုန်ကျမှုက အေဂျင်စီကို ပေးရတဲ့ နူန်းကတင် အမေရိကန်ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ လောက်အထိ ဖြစ်နေတယ်လို့ ကြုံတွေ့နေရသူအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုံစာ – ထိုင်းကို MOUစနစ်နဲ့သွားမယ့် မြန်မာလုပ်သားများ(ပုံဟောင်း)
#voiceofmyanmar #VOM #ထိုင်းနိုင်ငံ #MOUစနစ် #စရိတ်ကုန်ကျမှုအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW