ဖားကန့်က ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ

ဇူလိုင် ၉ – ၂၀၂၃
GG (VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာမှာဖွင့်ထားတဲ့ နာမည်ကြီး Shin Yin Hotel ပိုင်ရှင် အမျိုးသမီး ဒေါ်ဖြူဖြူသန့်ဆိုသူဟာ သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဇူလိူင် ၈ ရက် ညပိုင်းမှာ အမည်မသိလက်နက်ကိုင်တွေက ဒေါ်ဖြူဖြူသန့်ကို လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ အဲ့ဒီနောက် ဒီနေ့ ဇူလိူင် ၉ ရက် မနက်ပိုင်းမှာ အလောင်းကို ဆိုင်းတောင်ရွာဟောင်းနားမှာ တွေ့ရှိရတာဖြစ်ပြီး သေနတ်ဒဏ်ရာ ၄ ချက်တွေ့ရှိရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” ည ၁၁ နာရီကျော်လောက်မှာ သူ့ကိုလက်နက်ကိုင်တွေက လာခေါ်သွားတာလို့သိရတယ်။မနက်စော ၅ နာရီလောက်ကျ ရွာသားတွေက အလောင်းတွေ့တယ်ဆိုပြီးအကြောင်းကြားတော့ သွားကြည့်မှ သူမှန်းသိရတာ။သေနတ် ၄ ချက်နဲ့သေဆုံးနေတာပေါ့။ဒဏ်ရာတွေက ချိုင်းအောက်၊ ဗိုက်မှာ၊ လည်ပင်းမှာပေါ့။အခုအလောင်းတွေ့တဲ့နေရာနဲ့ ဟိုတယ်နဲ့က ၁၅ မိနစ် ၂၀ လောက်တော့စီးရတယ်။မိသားစုတွေလည်းရှိတယ်လို့သိရပေမယ့် ထဲထဲဝင်ဝင်တော့သိပ်မသိဘူး”လို့ ဖားကန့် ဒေသခံတစ်ဦးကပြောပါတယ်။

ဒေါ်ဖြူဖြူသန့်ဟာ အသက်အရွယ်အားဖြင့် ၄၅ နှစ်ခန့်ရှိပြီး လက်ရှိမှာ သူရဲ့ရုပ်အလောင်းကို ဖားကန့်ဆေးရုံကနေ ရင်ခွဲစစ်ဆေးချက်တွေရယူပြီးနောက် သူ့ရဲ့ဟိုတယ်ကိုပြန်လည်သယ်ဆောင်သွားကြတယ်လို့သိရပါတယ်။

အသတ်ခံရမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် ဘယ်အဖွဲ့ကသတ်ဖြတ်တယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဆိပ်မူကျေးရွာကပဲ သံယောဇဉ်နန်းတော် KTV ပိုင်ရှင်ဖြစ်သူ ဒေါ် သီတာ လည်း အသတ်ခံခဲ့ရမှု ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် ရှင်းရင်ဟိုတယ်ပိုင်ရှင် #အသတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW