ပို့ကုန်တင်ပို့သူတွေအတွက် ဗဟိုဘဏ်ရဲ့ပြောင်းလဲကြေညာချက် ကြီးမားတဲ့အကျိုးသက်ရောက်မှုမရှိဘူးလို့ သိရ

ဇူလိုင် ၁၄ – ၂၀၂၃
GG (VOM)

ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး ၆၅ % ၃၅ စနစ်ကို ဗဟိုဘဏ်ကပယ်ဖျက်ပြီး ၅၀ % ၅၀ စနစ်ကို သတ်မှတ်လိုက်ပေမယ့် နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ထူးခြားတဲ့အကျိုးသက်ရောက်မှုမရှိနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေကပြောပါတယ်။

ဗဟိုဘဏ်က ပို့ကုန်ရငွေဝင်ရောက်မှုရဲ့၆၅% ကို ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ နဲ့ရောင်းချရမယ့်စနစ်အစား ၅၀%ကိုသာရောင်းချဖို့ မနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီဖြေလျှော့မှုဟာ ovearsea ပို့ကုန်သမားတွေအတွက်သာ အဆင်ပြေနိုင်ပြီး နယ်စပ်ကုန်သည်တွေအတွက်တော့ ငွေလဲလှယ်ရတဲ့စနစ် လုံးဝမရှိမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

” အရင်က ပို့ကုန်ရဲ့ ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေး နဲ့လဲရမယ်၊၃၅ ရာခိုင်နူန်းကိုလုပ်ငန်းရှင်သုံးခွင့်ရှိတယ်ပေါ့၊အခုက မနေ့ကစပြီး ၅၀ ၅၀ တစ်ဝက်စီသတ်မှတ်လိုက်တယ်။ ၅၀ ကိုပဲ ဗဟိုဘဏ်မှာ လဲရမယ်၊၅၀ လုပ်ငန်းရှင် သုံးခွင့်ရှိတယ်ပေါ့ ၊အဲဒါ့ကလည်း နည်းနည်းလေးအသက်ရှုချောင်ရုံပဲ ၊ကြီးမားတဲ့အကျိုးသက်ရောက်မှုမရှိသေးဘူး။အခုက အပြီးဖျက်တာမဟုတ်ဘဲ ဖြေလျှော့တာဆိုတော့ မပြေသေးဘူး။လုံးလုံးကို အဲ့ဒီ စနစ်ကိုမရှိတော့မှအဆင်ပြေမယ်။အခုကတော့ ဘာမှမထူးခြားဘူး ” လို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

အဆိုပါ ၅၀ ၅၀ စနစ်ကြောင့် နယ်စပ်ပို့ကုန်လုပ်ငန်းတွေ သိသိသာသာ အကျိုးသက်ရောက်မှုမရှိသလို နယ်စပ်ကနေ တရုတ်ကို ဆန်တင်ပို့မှု ရပ်နေတဲ့အပေါ်လည်း ထူးခြားတဲ့ သက်ရောက်မှုမရှိပေမယ့် ဒီနေ့ ပြည်တွင်းဆန်စျေးကွက်နဲ့ပဲစျေးကွက်လည်း ဈေးအနည်းငယ် တက်ရိပ်ပြလာတယ်လို့ သိရပါတယ်။

” ဆန်စျေးကတော့ နည်းနည်းတက်ရိပ်ပြတယ်။အခုကပို့ကုန်ရငွေ လျှော့လဲရတော့ ပြည်တွင်း ဝယ်ရတဲ့စျေးကို ၅၀၀ ၁၀၀၀ တိုးပြီးဝယ်ယူနိုင်တဲ့သဘောပေါ့။ဒါကြောင့် နည်းနည်းတက်တဲ့သဘောပါ။အခြေအနေကစောင့်ကြည့်ရမှာပါ။နှစ်စဥ် ၈လပိုင်း၊ ၉လပိုင်းကတော့ စပါးအဟောင်းစျေးအမြင့်ဆုံးပေါ့။အခုလည်း ဆန်အဟောင်းက စျေးအမြင့်တန်းပဲ”လို့ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

ပို့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပို့ကုန်မတင်ပို့မီ ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နူန်း ကြိုတင်ဝင်ရောက်ရမယ်ဆိုတဲ့ စနစ်ကိုလည်းပယ်ဖျက်ပြီး ကုမ္ပဏီသက်တမ်း နှစ်အလိုက်အာမခံ Deposit ပေးသွင်းဖို့ ပြင်ဆင်သတ်မှတ်ခဲ့သလို သွင်းရမယ့် ငွေကိုလည်း သက်ဆိုင်ရာ နယ်စပ်ဒေသငွေလဲဈေးနဲ့ ညီမျှတဲ့ မြန်မာငွေကြေးနဲ့ ပေးသွင်းခွင့် ပြုတယ်လို့လည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၃ ဇူလိုင်လ ၆ ရက်နေ့မှာလည်း ပို့ကုန်ငွေ ဝင်ရောက်လာရမယ့် ကာလကို ပို့ကုန်ကြေညာလွှာထွက်ပြီး ၇ ရက်အတွင်း ပေးသွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်အစား ရက်ပေါင်း ၁၅ ရက်အတွင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပို့ကုန်တင်သွင်းခြင်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW