လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၁)

ဆူးငှက်
တကယ်တော့ ကျွန်တော် ကဗျာမကျွမ်းကျင် …။ သို့သော် ဖန်မီးအိမ်၊ အနီနှင့်အပြာ၊ လမ်းသစ်၊ လမင်းတရာ … စသော ကဗျာ စာအုပ်များ၏ သြဇာက လွှမ်းမိုးနေသည်။ စကားပြေဆန်သော ကဗျာအရေးအသားများကို နှစ်ခြိုက်နေမိသည်။ ထိုသြဇာခံဖြင့် ရေးသား ဖြစ်သည်ဆိုကြပါစို့ …။ ကဗျာခေါင်းစဉ်ကို “ဆူးငှက်လားဟေ့ ဝင်ခဲ့လေကွယ်” ဟု ပေးထားသည်။ ဖူးစကက် ၅ မျက်နှာလောက် ရှိမှာပေါ့။ ၂၀၁၄ အောက်တိုဘာ ၂၄ ရက်ရောက်ရင် ဆရာကြီးရွှေဥဒေါင်း ၁၂၅နှစ်တင်းတင်းပြည့်ပြီ။ ၁၉၈၉ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်၌ ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပတော့ ကျွန်တော်က ဆောင်းပါးအတိုအထွာလေးတွေ ငါးပုဒ်၊ ခြောက်ပုဒ်မျှသာ ပုံနှိပ်ဖော်ပြခံရဖူးသေး ….။ ဒီပွဲမှာ ဆရာကြီးနှင့်ပတ်သက်သော စာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်က ဝါရင့်ဆရာကြီးတွေကြား ကန့်လန့်ဝင်ပြီး ကဗျာရှည် တစ်ပုဒ်ဖတ်ဖို့ပြင်ဆင်သည်။ အစ်ကိုလိုဖြစ်နေသော ဆရာညီပုလေး၊ ဆရာသိုက်ထွန်းသက်တို့က အားပေးသည်။ ကျွန်တော်မတတ်တတတ် ရေးလာသော ကဗျာရှည်ကြီးကို ဖတ်ပြီးအားပေးသည်။ ““ဒေါ်ဒေါ့် (အမေလူထုဒေါ်အမာ)ကိုတော့ ပြလိုက်ဦး၊ ဒေါ်ဒေါ်ဖတ်ကြည့်ပြီးရင် ပွဲမှာ ဖတ်ကြတာပေါ့”” ဟု အားပေးသည်။ ဒေါ်ဒေါ်က ယူဖတ်သည်။ နောက်ရက်အခမ်းအနားမှာ “သစ်္စာရှာဖို့ ငါမြင်းစီးမယ်” စသော ဧရာမ စာတမ်းကြီးတွေ၊ ကဗျာတွေ၊ ဟောပြောချက်တွေအပြီး ကျွန်တော့ကဗျာကို ကိုယ်တိုင်ဖတ်သည်။ ကဗျာဖတ်ဖို့ ဇရပ်ထိပ်ဖျားသွားတော့ ကိုသိုက်ထွန်းသက်က ကျွန်တော့လက်မောင်းကို ကိုင်ပြီးလိုက်ပို့သည်။ “မကြောက်နဲ့ အသံကိုထိန်းပြီး ဖြည်းဖြည်းနဲ့မှန်မှန်ဖတ်” ဟု အားပေး သည်။ ပြီးတော့ ကျွန်တော့ဘေးမလှမ်းမကမ်းမှာ ဝင်ထိုင်ပေးသည်။ ကိုညီပုလေးကတော့ … ကျွန်တော့လက်ထဲက ကင်မရာကိုယူပြီး ကျွန်တော်ကဗျာဖတ်သည်ကို သေသေချာချာမှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးသည်။ (စကားမစပ်ပြောရလျှင် … ထိုကာလများက ကျွန်တော့ကို စာပေဝါသနာပါသူ၊ ဆောင်းပါးလေးတွေရေးနေသူအဖြစ်ထက်၊ ဓာတ်ပုံဆရာတစ်ယောက်အဖြစ်သာ စာပေအနုပညာအသိုင်းအဝန်းက သိထား ကြသည်။ တောင်လေးလုံးအပါအဝင်စာပေပွဲတိုင်းမှာလည်း ကျွန်တော်က နီကွန်အက်ဖ်အမ်ကင်မရာလေးနှင့်ဓာတ်ပုံဆရာအလုပ်ပဲလုပ်နေသော ကြောင့် ဖြစ်သည်။ ထားတော့ ….)။ ယခုပြန်လှန်စဉ်းစားလိုက်တော့ ရေးဖော်ညီငယ်တစ်ယောက်ကို ဝိုင်းဝန်းအားပေးစောင့်ရှောက်ကြခြင်းမှာ မျက်ရည်လည်မတတ်လွမ်းဆွတ်စရာတွေဖြစ်သည်။
တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ ၁၉၇၀ကျော်ကာဝန်းကျင် မကြာခဏရောက်ဖြစ်သည်။ စာလေးပေလေး ရေးနေသူအဖြစ်ပေါ့။ ဒီနောက် ကိုယ်တိုင်က ပန်းချီလေး ဒီဇိုင်းလေး မတောက်တခေါက် ဝါသနာပါ၊ မဖြစ်စလောက် ရေးချွတ်ဖြစ်တာသိတော့ ကိုငြိမ်းချမ်းနှင့် သူခရီးရှည်ကြီးထွက်သွားတော့ အစ်မဒေါ်တင်ဝင်း(လူထု)နှင့် ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) တို့က လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အချို့၏ စာအုပ်အပြင်အဆင်ပိုင်း (ထိုစဉ်က ဂယ်လီပရု(ပ်) ထုတ်ပြီး ၊ ကွန်ပြူတာစီပြီး စာမူအချောများကို ကပ်ကြေးဖြင့်ညှပ်၊ တစ်ဖက်ချောဂျပ်ပေါ် ကော်ဖြင့် ကပ်ကာ Lay Out ဆင် ဖလင်ရိုက်ရသည်) ကို တာဝန်ပေးသည်။ နောက် ဖလက်တွဲ စာဖောင်ဖွဲ့ရ၏။
သည်တော့ တိုက်ကို တစ်ပတ်တစ်ကြိမ် အနည်းဆုံးသွားပြီး အလုပ်အပ်၊ အလုပ်ယူရသည်။ များသောအားဖြင့် ကျွန်တော်က အဖိတ်နေ့ သွားဖြစ်တာပေါ့။ ထိုစဉ်က တိုက်မှာ စာရေးဆရာတွေဆုံကြသည်။ ဆရာညီပုလေး၏ စာအုပ်ဆိုင်အသစ်လေးရှေ့က ဗာဒံပင်အောက်မှာ စကားဝိုင်းဖွဲ့ကြတာပေါ့။ ကျွန်တော်က အလုပ်အပ် အလုပ်ယူပြီးတာနှင့် ဗာဒံပင်အောက်ရောက်သွားသည်။ ဆရာသိုက်ထွန်းသက်၊ ဆရာဝင်းစည်သူ၊ ဆရာရဲသျှမ်း၊ ဆရာကျော်ရင်မြင့်၊ ဆရာညိုထွန်းလူ၊ ဆရာကျော်စွာထက်၊ ဆရာ ကိုရိုးကွန့်တို့ ရှိတတ်သည်။ ပြီးတော့ ဆရာတွေနှင့် တိုက်အရှေ့ဖက် မင်္ဂလာကဖေး (ဒါမှ မဟုတ်) ၈၃လမ်းပေါ်က မင်းမင်းကျော်ကဖေးသို့ ချီတက်ကြတာပေါ့။ သည်ကာလမှာ ကျွန်တော်က ဘုရားကြီး မင်းသားစုရပ် ကမ္ဘာအေးဆေးတိုက်က အစ်မကြီးဒေါ်နုနုယဉ် ထုတ်ဝေသည့် ရွှေဝတ်ရည်မဂ္ဂဇင်းမှာ အမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ခံအယ်ဒီတာဆရာမောင်သစ်လွင်(လူထု) လက်အောက် တာဝန်ယူရသည်။ မဂ္ဂဇင်းတိုက်သို့ နေ့လယ် ၁နာရီမှ ဝင်ရတော့ လူထုတိုက်တွင် တစ်ထောက်နားပြီးမှ သွားတာကများသည်။
လူထုတိုက်ရောက်လျှင်များသောအားဖြင့်ဧည့်ခန်းမှာဖြစ်စေ၊ စာအုပ်ဆိုင်အတွင်းမှာ ဖြစ်စေ စာဖတ်နေတတ်သော ဒေါ်ဒေါ့်ကိုတွေ့သည်။ ဒေါ်ဒေါ်က တွေ့တာနှင့် စာဖတ်နေရာမှ မျက်မှန်ပေါ်က ကျော်ကြည့်ပြီး “မင်းရေးတဲ့ ဆောင်းပါးလေး စံပယ်ဖြူမှာ တွေ့တယ်ကွယ့်၊ နောက်ထပ် ဘာတွေရေးဖြစ်သေးလဲ၊ ဘယ်တွေ ပို့ထားသေးလဲ၊” ဆိုတာတွေ မေးတတ်သည်။ အကယ်၍ မဂ္ဂဇင်းတွေမှာ ကိုယ့်စာမူ မတွေ့တာကြာလျှင် “မင်း စာမရေးဖြစ်ဘူးလား၊ ဘာလို့လဲ၊ ရေးမှပေါ့၊ ကလောင်ဆိုတာ မရေးဘဲ ပစ်ထားရင် သံချေးတက်ပြီး တုံးသွားတတ်တယ်” ဟု သတိပေးလေ့ရှိသည်။
ရွှေဝတ်ရည်မဂ္ဂဇင်းမှာ စီစစ်ရေးအခက်အခဲ၊ ပုံနှိပ်တိုက် အခက်အခဲများဖြင့် ၃လမှ တစ်ကြိမ်၊ ၅လမှ တစ်ကြိမ်သာ ထုတ်ဝေနိုင်ပြီး အမှတ်စဉ် ၈ အပြီးမှာ ရပ်နားလိုက်ရသည်။ သည်အချိန်မှာပဲ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်၏ အယ်ဒီတာစာပွဲသို့ ရောက်ခဲ့ပါ၏။ အယ်ဒီတာစာပွဲမှာ ကျွန်တော့် အရင် ရောက်နှင့်နေတာက ဆရာကျော်ရင်မြင့် ဖြစ်သည်။ ကျွန်တော်ရောက်တော့ ကိုကျော်စိုးဝင်းက ရန်ကုန်ပြောင်းနှင့်ပြီ။ ကျွန်တော်က သူ့လက်စအလုပ်တွေ ဆက်လုပ်ရသည်။ ဆရာကျော်ရင်မြင့်ကတော့ ဦးလေးလှစာပွဲက စာမူများ ပြန်စုစည်းတာ၊ ရှာဖွေတာ၊ ထိန်းသိမ်းတာနှင့် ဒေါ်ဒေါ့် အလုပ်တွေကို အများဆုံး ကူရသည်။ အထူးသဖြင့် ဒေါ်ဒေါ့် ရေးပြီးသော လက်ရေးစာမူများကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက်ရိုက်ပြီး မဂ္ဂဇင်းတိုက်တွေပို့တာ၊ လက်ခံဖိုင်တွဲတာ၊ မှတ်တမ်းတင်တာတွေ တာဝန်ယူသည်။
လူထု အယ်ဒီတာစာပွဲမှာ ကျွန်တော့်ကို ဒေါ်ဒေါ်စတွေ့တော့ လူသစ်တစ်ယောက်အနေနှင့် မဟုတ်ဘဲ ဒီစာပွဲမှာ အရင်ကတည်းက ရှိနေသူ အိမ်သားတစ်ဦးလို ဆက်ဆံတာ မှတ်မိနေသည်။ “ မင်းက ဒို့ အလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပဲ၊ ကိုယ့်ထဲ ကိုယ့်ဟာ တစ်ယောက်ပဲ” ဟူသော ဆက်ဆံပုံမျိုးဖြစ်၏။
ဒေါ်ဒေါ်က နေ့လယ် ၁၂နာရီ ဝန်းကျင်တွင် နေ့လယ်စာစားသောက်ပြီး အောက်ထပ်စာရေးစာပွဲဘေးက ခုတင်လေးမှာ တစ်ရေးတစ်မောအိပ်သည်။ ထို့နောက် ရေမိုးချိုးပြီး ကာဖီသောက်သည်။ ဒေါ်ဒေါ့် ကာဖီက မေမြို့ကော်ဖီမှုန့်စစ်စစ်ကို နို့ဆီအစား ကျောက်ပန်းတောင်း ပန်းခြင်းထန်းဖိုထန်းလျက်ရည်နှင့် ဖျော်သည်။ ဒေါ်ဒေါ်က ထန်းဖို ထန်းလျက်တွေကို တစ်နှစ်စာ လှောင်ထားတတ်၏။ ဒေါ်ဒေါ့်ကော်ဖီကို တစ်အိမ်လုံး သောက်ကြ၏။ ကော်ဖီနှင့် တွဲစားဖို့က ရွှေကျီးမုန့်ကြွပ် လတ်လတ်ဆတ်ဆတ်ဝယ်ထားသည်။ ကျွန်တော်လည်း ရောက်စက ဒေါ်ဒေါ့် ကော်ဖီကို နှစ်နှစ်ချိုက်ချိုက်သောက်သည်။ ပုံနှိပ်တိုက်က ညနေ ၃နာရီမှာ လက်ဖက်ရည်အချိန် အနားပေးတော့ ဒေါ်ဒေါ့် ထမင်းစားပွဲမှာ တက်သောက်ရတာပေါ့။ နောက်တော့ ညနေ၃နာရီမှာလက်ဖက်ရည်အချိန် ကျွန်တော်တို့နားမှန်းသိတော့ မိတ်ဆွေတွေက ထိုအချိန်စောင့်ပြီး လက်ဖက်ရည်သောက်ချိန်းကြတော့ ၈၃လမ်းပေါ်က ဆူးခါးတိုက်အနောက်ပေါက်ရှိ လက်ဖက်ရည်ဆိုင်ဆုံဖြစ်ကြလို့ ဒေါ်ဒေါ့်ကော်ဖီနှင့် ဝေးရတော့သည်။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW