ဇူလိုင် ၁၄ – ၂၀၂၃
SN (VOM)
ဖမ်းဆီးခံထားရတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း၊ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်)ဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်ပြီး သေဆုံးခဲ့သည်မှာ လွန်ခဲ့တဲ့ သုံးလကတည်းကဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုတူးတူးဟာ အခု ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်ပေမယ့် ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းမှသာ မိသားစုဝင်တွေကို ရဲစခန်းခေါ်ယူပြီး အတည်ပြုလက်မှတ် ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။
“ရဲစခန်းက ကိုတူးတူးဆုံးတာကို ဇူလိုင် ၁၃ ရက်နေ့ကျမှ သူ့အဖေကိုခေါ်ပြီး အသိပေးတာ။ သေဆုံးကြောင်း သိရှိပါတယ်ပေါ့၊ အတည်ပြု လက်မှတ် ထိုးခိုင်းတယ်။ သူတကယ်တမ်း သေသွားခဲ့တာက ၄ လပိုင်းကတည်းကလို့ ရဲစခန်းက ပြောတယ်။ အဲ့ဒီတုန်းကလည်း သူသေကြောင်း ကောလဟလတွေထွက်လာလို့ မိသားစုက လိုက်စုံစမ်းခဲ့သေးတယ်။ ဘာသတင်းမှ ရေရေရာရာ မသိခဲ့၊ မရခဲ့ဘူး။ အဲ့ဒါကြောင့် မိသားစုက သူလွတ်မြောက်ဖို့ အသနားခံစာတင်ဖို့ လုပ်နေတုန်းမှာ ဇူလိုင် ၁၃ ရက်နေ့ကျမှ ရဲစခန်းကခေါ်ပြီး အသိပေးတာ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုတူးတူးဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ထွက်ပြေးဖို့ကြိုးစားစဉ် ပစ်ခတ်ခံရကာ သေဆုံးခဲ့တယ်လို့ အခုနှစ်၊ ဧပြီလအတွင်းက ကောလဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
“ဖမ်းဆီးခံရစဉ်ကတည်းက ကိုတူးတူးနဲ့ ပတ်သက်သမျှ သတင်းတွေကို စုံစမ်းလို့မရဖြစ်ခဲ့တာ။ ဘယ်ပုဒ်မတပ်တယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရဘူး။ သတင်းအမှောင်ချခံထားရတာ”လို့ သူက ပြောပါတယ်။
ကိုတူးတူးအပါအဝင် ၆ ဦးကို မကွေးတိုင်း၊ စကုမြို့၊ မင်းချောင်းတံတားအနီး စားသောက်ဆိုင်တစ်ဆိုင်မှာ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်၊ မနက်ပိုင်းက ပစ္စတို ၅ လက်၊ ကျည်ဆန်တချို့၊ လက်ပစ်ဗုံး ၂ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စကုနယ်မြေရဲစခန်းက သိရပါတယ်။
တူးတူး(နဂါးမာန်)ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က သုဝဏ္ဍအမျိုးသားအားကစားရုံမှာ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (World Lethwei Championship) ပြိုင်ပွဲမှာ သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့သူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဆီးဂိမ်းမွေထိုင်းလက်ဝှေ့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး (နဂါးမာန်) ကို မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ ၁၉၉၀ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၃၂ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မြန်မာ့ရိုးရာလက်ဝှေ့ကျော် #တူးတူး(နဂါးမာန်) #သေဆုံး