ဇူလိုင် ၁၈ – ၂၀၂၃
GG (VOM)
မွန်ပြည်နယ်ထဲက မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရပ်ကွက်ကျေးရွာအချိူ့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေးမြို့နယ်က ဟံဂံကျေးရွာ၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာနဲ့ အနိမ့်ပိုင်းနေရာတွေ၊ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖောင်စိန်၊ ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ကုသိုလ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင့် မုဒုံ -သံဖြူဇရပ် ကားလမ်းမပေါ်လည်း ရေကျော်နေတာကြောင့် ကားတွေဖြတ်သန်း သွားလာရေး ခက်ခဲနေတယ်သိရပါတယ်။
” ဒီနေ့မနက်ကစပြီး မိုးကတအားသည်းတော့ ရေကြီးရေလျှံတာပါ။လမ်းတွေလည်းရေကျော်နေတယ်။ မနက်အစောပိုင်းတုန်းကဆိုရင် ဖောင်းစိန်တံတား ဖြတ်ဖို့ခက်တယ်။အခုတော့ကားလေးတွေ ဖြည်းဖြည်းချင်း ဖြတ်နေတယ်။ ရပ်ကွက်တွေကတော့ အနိမ့်ပိုင်းတွေအများဆုံးဝင်တာပေါ့။မိုးများတော့ တောင်ကျရေကြောင့်ပေါ့ ။ရေးဘက်က ဟံဂံကတော့ နှစ်တိုင်း အခုလိုမိုးကြီးရင် ရေကြီးနေကြပါ”လို့ ရေးဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ကျရေတွေက မြေအနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ရွာအချို့ကို စီးဝင်ကာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေကြီးရေလျှံဖြစ်နေတဲ့ ရပ်ကွက် နဲ့ ရွာက နေထိုင်သူအချို့ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။
” မုဒုံ မိုးတအားသည်း ရေကြီးလို့ ဆိုင်တောင်ပိတ်လိုက်ပါပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေလည်း ရေဝင်နေပါပြီ”လို့ မုဒုံဒေသခံတစ်ဦးကပြောပါတယ်။
မုဒုံ မြို့နယ်မှာ မနေ့ ဇူလိုင် ၁၇ ရက် ကနေ ဒီနေ့ ဇူလိုင် ၁၈ ရက် မနက် ၉ နာရီခွဲအချိန်အတွင်း မိုးရေချိန် (၉.၆၅) လက်မရွာသွန်းထားကြောင်း၊ ရေးမြို့နယ်အတွင်း မိုးရေချိန် (၉.၀၅) လက်မ၊ ကျိုက်မရောမြို့နယ်အတွင်း မိုးရေချိန် (၅.၅၁) လက်မ၊ မော်လမြိုင်မြို့နယ်အတွင်း (၅.၃၉) လက်မ၊ ချောင်းဆုံမြို့နယ်အတွင်း (၄.၇၂) လက်မ၊ ကျိုက္ခမိမြို့မှာ (၃.၃၀) လက်မ နဲ့ ပေါင်မြို့နယ်အတွင်း (၂.၉၁) လက်မ ရွာသွန်းခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo-ဒေသခံ
#voiceofmyanmar #VOM #မွန်ပြည်နယ် #ရေကြီးရေလျှံ