ယိုးဒယားခေါက်ထီးနှင့် အီတလီကိုင်း မျက်မှန်

ဆူးငှက်

ကျွန်တော်က ၁၉၇၄ခုနှစ်တွင် ၁၀တန်းအောင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ၁၉၇၄/၇၅ စာသင်နှစ်တွင် သင်္ချာဘာသာ အဓိကဖြင့် ပထမနှစ်အိမ်ကစ၍ တက်ရသည်။ ထိုစဉ်ကာလ စာပေးစာယူဖြင့် အိမ်ကအခြားအလုပ်လုပ်ကာ တက္ကသိုလ်တက်နိုင်သော်လည်း ကျွန်တော်က တက္ကသိုလ် နေ့သင်တန်းကိုပဲ အမေ့ဆီက မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ဆီက ကျောင်းလခနှင့် စာအုပ်ဖိုးတောင်းပြီး တက်ခဲ့သည်။ အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။

မိဘ၂ပါးချွေးနည်းစာဆိုလို့ အတွေ့အကြုံလေးတစ်ခု ပြောချင်ပါသေးသည်။နောက်ကြောင်းပြန်သော် ဒုတိယနှစ်ကပေါ့။ ထိုနေ့က မထင်မှတ်ဘဲ မိုးကစွေနေသည်။ အသည်းကြီးတော့ မဟုတ် ကျောင်းသွားရမည့် အချိန်အထိ မိုးကစွေဆဲဖြစ်သည်။ အမေကလည်း သည်မိုးကြောင့် ဈေးရောင်းမထွက်နိုင်။ ကျွန်တော်က ကျောင်းသွားခါနီးတော့ သည်မိုးမှာ စက်ဘီးနှင့်အဆင်မပြေနိုင်သည်မို့ ၂၉လမ်းထိပ်ကပဲ အမှတ်၃ကားစီးသွာမည်။ သို့သော် သည်မိုးစွေစွေ မှာ ထီးပါဖို့လိုသည်။ အိမ်ကနေ ရုံတော်ကြီး ကားမှတ်တိုင်အထိ ၅ပြလောက် ခြေကျင်လျှောက်ရမည်လေ။ စာအုပ်လေးကို ပလပ်စတစ်အိတ်လေးနှင့် ထည့်သည်။ ဂျင်းအင်္ကျီလေးအပေါ်က ထပ်ဝတ်သည်။ မိုးထဲ သည်အတိုင်းထွက်သည်။ ဘာအဆောင်းမှ မပါ။ သည်တော့ အမေက “ ဟဲ့ ငါ့ထီးယူသွားလေ၊မိုးရွာကြီးထဲ ဒီတိုင်း သွားမလို့လား” ဟုပြောသည်။ ကျွန်တော်က မယူ။ အဘယ့်ကြောင့်ဆိုသော် အမေ့ထီးက ကြက်ဆင်တံဆိပ် မိန်းမဆောင်းထီးအဟောင်းလေးဖြစ်သည်။ လက်ကိုင်ကလည်း ကွဲသွားလို့ အဘ က ရရကြေးလက်ကိုင် အဟောင်းလေးပဲ စွပ်ထားသည်။ ထီးကလေးက အတော်ဟောင်းနေလို့ အရွက်နှင့် ကိုင်းတံ အချို့ကို အပ်ချည်ဖြူနှင့်ပြန်ချုပ်ထားရသည်။ အိမ်မှာက အဘ၏ယောက်ျားဆောင်း ထီးဟောင်းကြီးတစ်လက်နှင့် အမေ့ မိန်းမဆောင်း ထီးလေးပဲရှိသည်။ ဒီထီး၂ချောင်းပါမှ အမေ့ထီးဟောင်းလေးက ကြည့်ဖော်ရှုဖျော်ဖြစ်လို့ အမေက ကျွန်တော့်ကို ယူခိုင်းခြင်းဖြစ်သည်။ ဒါကို ကျွန်တော်မယူချင်။

ထိုစဉ်ကာလက ယိုးဒယားဘက်က ခေါက်ထီးတွေ စဝင်နေပါပြီ။ယောက်ျားဆောင်းဆိုလျှင် အရိုးက အကွေးဖြစ်သည်။ ၃ဆစ်ချိုးနိုင်လို့ မဆောင်းသေးလျှင် ချိုးထားပြီး အိတ်လေးနှင့် စွပ်ကာ လက်ကိုင်ကွင်းလေးနှင့် ကိုင်ထားလို့ရသည်။ သို့မဟုတ် လွယ်အိတ်ထဲလည်း ထည့်ထားလို့ရသည်။ ထို့ကြောင့် ခေါက်ထီးကလည်း ထိုစဉ်က ဖက်ရှင်တစ်ခုဖြစ်သည်။ ထို့ကြောင့် အခုမိုးစွေစွေမှာ ခေါက်ထီးမဟုတ်ဘဲ ကျွန်တော် မဆောင်းချင်။ ထို့ကြောင့် မိုးရွာထဲမှာပဲ မိုးစိုခံမည်။ အမေကလည်း တကြော်ကြော်နှင့် သူ့ထီးယူဖို့ပြော၊ ကျွန်တော်ကလည်း မိုးရွာထဲ ဇွတ်ထွက်၊နောက်ဆုံးကျ အမေက ရိတ်မိပြီး သူ့ဈေးဗန်းထဲက ကပ်ပီတန် စီးကရက်ဘူးလေးကိုယူသည်။ ကက်ပီတန်ဘူးလေးက ဆီကိုင်သော လက်နှင့် ဖွင့်ပါ ပိတ်ပါ များလို့ ပြောင်ဝင်းနေသည်။ ထိုဘူးလေးထဲက မနေ့က ဈေးရောင်းအပြန် ပါလာသည့ရောင်းကြေးဈေးနုတ် ဆယ်တန် ငါးကျပ်တန်နှင့် ကျပ်တန် အလိတ်လိုက်ကို ရေမနေတော့ဘဲ အမေက သူ့ ရှင်မြီချွေးခံအိတ်ထဲ ထိုးထည့်သည်။ထို့နောက် သူ့ထီးလေးကို ဖွင့်ကာ ကျွန်တော့်ကို မိုးပေးပြီး သွားသွာဈေးချိုအထိ အမေလိုက်ပြီး ခေါက်ထီးဝယ်ပေးလိုက်မယ်။ အဲ့ဒီကမှ ကားစီးသွားနော်ဟု ပြောကာဈေးချိုတိုက်တန်းအထိ လိုက်လာပြီး ယောက်ျားဆောင်းခေါက်ထီး အသစ်တစ်လက် ဝယ်ပေးသည်။ငွေ ၆၀ တဲ့။ အမေက ကြိုက်ပြီလားဟမေးတော့ ကျွန်တောခေါင်းညိတ်သည်။ ထိုအခါ ချွေးခံအင်္ကျီအိတ်လေးထဲက
သူ့ပိုက်ဆံလိတ်လးကိုဖြည်ကာ ဆယ်တန် ၂ရွက်၊ ငါးကျပ်တန် ၅ရွက်နှင့် ကျပ်တန်လေးတွေ ၁၅ ရွက်ကို ရေကာ
ဈေးသည်ကိပေးလိုက် သည်။ အမေ့ချွေးခံအိတ်ထဲ ကျပ်တန်လေး နည်းနည်းပဲ ရှိတော့မည်။ ကျွန်တော်က
ခေါက်ထီးအသစ်လေးကို ကိုင်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် တိုက်တန်းမြောက်ဘက်အဆင်း ကားမှတ်တိုင်သို့
သွားသည်။ အမေက ကျွန်တော့်ကို ဝမ်းသာလို့ ဝှေ့နေသော မျက်ရည်စတွေနှင့် မျက်စေ့တစ်ဆုံး ကြည့်နေမှာပေါ့။ တိုက်တန်းလှေကားက အဆင်း ကွယ်သွားမှ အမေလည်း သူ့ ကြက်ဆင်တံဆိပ် ဖဲထီးဟောင်းလေး ဆောင်းပြီး သည်မိုးဖွဲဖွဲထဲ အိမ်ပြန်မှာပေါ့လေ။

ဒါတင်ပဲလား မဟုတ်။ ကျွန်တော် မသိတတ်ပုံ ထပ်ပြောပါဦးမည်။ ကျွန်တော်က ငယ်စဉ်ကတည်းက ရေနံဆီမီးခွက်၊ရေနံဆီ မီးအိမ်များနှင့် စာဖတ်ပုံဆွဲခဲ့တော့ မျက်စေ့ထိသည်။ သည်တော့ ခေါင်းတွေထိုးကိုက် မျက်ရိုးကိုက် မကြာခဏဖြစ်သည်မို့ မျက်စေ့အထူးကု ဒေါက်တာစိုးမြင့်နှင့်ပြပြီး မျက်မှန်တပ်ရသည်။ ဆလင်ဒါလည်းပါသတဲ့။ ပထမဆုံး မျက်မှန်ကတော့ စစ်ကိုင်းတန်း အစိုးရမျက်မှန်ဆိုင်က ထုတ်ဈေးနှင့်ရသည့် ကိုင်းအနက်ကြီးဖြစ်သည်။ ပုံက အတော်ရိုးသည်။ သည်လိုနှင့် မျက်မှန်ကိုင်းကို လဲချင်နေသည်။ ထိုစဉ် သူငယ်ချင်း မျက်မှန်သမား တစ်ယောက်က အမှတ်၈ကျောင်း အနောက်ပေါက်မှာ ဖွင့်သော မျက်မှန်ဆိုင်တစ်ဆိုင်မှာ သူ့မျက်မှန်ကိုင်း ဝင်လဲတော့ ကျွန်တော် လိုက်သွားသည်။ သူငယ်ချင်းက သူ့မျက်မှန်ကိစ္စကို ဆိုင်ရှင်နှင့ပြောဆိုနေချိန် ကျွန်တော်က ကောင်တာထဲက မျက်မှန်ကိုင်းတွေကို လျှောက်ကြည့်နေမိသည်။ ထိုစဉ် မီးခိုးရောင်တွင် အနက်ပြောက်လေးတွေပါသော ကော်ကိုင်းတစ်လက်ကို သဘောကျမိသည်။ ထိုကိုင်းလေးနားက မျက်လုံးမခွာနိုင်တော့။ ဆိုင်ရှင်က ယူကြည့်လိုက်လေ ငါ့တူ ဆိုတော့ ကျွန်တော် ယူကြည့်သည်။ တပ်ထားသော ဘီဝမ်း ကိုင်းနက်ကြီး ခဏချွတ် ထိုကိုင်းတပ်ကြည့် မှန်ကြည့်။ ကျွန်တော့် မျက်နှာနှင့် အတော်လိုက်သည့် ကိုင်းပေပဲ။ တပ်နေကျ ကိုင်းနက်ကြီးနှင့် ဘာမှ မဆိုင်။ ကျွန်တော် သဘောကျနေမှန်းသိတော့ ဆိုင်ရှင်က အဲ့ဒီကိုင်းက အီတလီကိုင်းကွ၊ကောင်းတယ်၊ မင်းနဲ့ လိုက်တယ်။ ကြိုက်ရင် ယူလိုက်လေ၊ ဒီတစ်ကိုင်းပဲရတာ ဟုပြောသည်။ ကျွန်တော် ချီတုံချတုံဖြစ်နေသည်။ ကျွန်တော့်မှာ ပိုက်ဆံမပါ။ စုထားတာလည်းမရှိ။

ဆိုင်ရှင်က ဆက်ပြောသည်။
နေဦး မင်းမျက်မှန်ပြဦး ပါဝါဘယ်လောက်လဲ ကြည့်ရအောင်ဟုဆိုကာ ချွတ်ထားသော ကျွန်တော့ ကိုင်းနက်ကြီးနှင့် မျက်မှန်ကိုယူပြီး မျက်စေ့ တစ်ဖက်စီမှိတ်ကာ ပါဝါ စစ်ကြည့်သည်။ ပါဝါက မများပါဘူး၊ ဆလင်ဒါတော့ ပါတယ်။နေဦး၊ အခုမှန်အဟောင်းက ကိုင်းအသစ်မှာ ပြန်ထည့်လို့ရတယ်။ ပြီးတော့ မှန်ကလည်း ဖိုတိုဂရေးပဲ၊ကောင်းတယ်၊ထောင့်လေးတွေ နည်းနည်းပဲ သွေးရမှာ။ မင်းယူရင် ကိုင်းဖိုး ၇၀ပဲပေး၊ မှန်အဟောင်းပြန်ထည့်ပးလိုက်မယ်၊ မင့်သူငယ်ချင်းက ငါ့ဖောက်သည်ဖြစ်နေတာမို့ မင်းကိုလည်း ပိုမယူပါဘူးတဲ့ ကျွန်တော်က ပိုက်ဆံ မပါသေးတာပြောတော့ ဟာ..နောက်ရက် မင်းသူငယ်ချင်း မျက်မှန်လာယူမှပပေးပါ။ ရပါတယ်၊ အခု ဒီကိုင်းအသစ်နဲ့ မှန်ထည့်တာ တစ်ခါတည်စောင့်ယူသွားတဲ့။ နာရီဝက်လောက်စောင့်ပြီး ကျွန်တော့် ကိုင်းအသစ်နှင့် မျက်မှန်လေးရသည်။ ဆိုင်ရှင်က သူ့ဆိုင်တံဆိပ်နှင့ဘောက်ချာမှာ ကျွန်တော့် မျက်မှန်ပါဝါနှင့် ကိုင်းအမျိုးအစားကိုပါရေးပြီး ကျသင့်ငွေ ၇၀ကို ရေးပေးလိုက်သည်။ ကိုင်းဗျာ၊ ဘယ်လောက် အဆင်ပြေလိုက်လဲ။

ဟုတ်ကဲ့၊ ကျွန်တော်ကတော့ မျက်မှန်အသစ်နှင့် အဆင်ပြေပါ၏။ အိမ်ရောက်လို့ အဖေ့ကို ငွေ ၇၀နှင့် အခုမျက်မှန်ကို အကြွေးယူလာကြောင်း၊ နက်ဖြန်ပေးရမှာဖြစ်ကြောင်ပြောတော့ အဖေ မျက်လုံးပြူသည်။ ထို့နောက် တောက် တစ်ချက်ခါက်သည်။ ပြီးတော့ ငိုသံပါနှင့် အဲ့ဒီ ၇၀က ဘယ်မှာရှိလို့ ပေးနိုင်မှာလဲကွ ဟုပြောတော့၊ ကျွန်တော်က ဟာဗျာ အဖေသော့ခတ်ထားတဲ့ သံသေတ္တာကြီးထဲမှာ ပိုက်ဆံတွေ စုထားတာရှိတယ်မှတ်လို့ ဟု ဆိုတော့ အဖေ ခမျာ ရင်ပတ် စည်မတီးရုံတမယ် ဝမ်းနည်းပက်လက်နှင့် မင်းကွာ၊ ဘာမပြော ညာမပြောနဲ့ ငွေ ၇၀ တန် မျက်မှန်အကြွေး ယူလာတယ်။ အရင်မျက်မှန်က ဘာကြာသေးလို့လဲ၊ အကောင်းကြီး ရှိသေးတာကိုဟု တောက် တခေါက်ခေါက်နှင်ပြောကာ ထုံစံအတိုင်း အမေ့ဈေးဗန်းထဲက ဈေးနုတ်ကလေးကို ယူကာ အိမ်က ၁၀စိုက်ပြီး ကျွန်တော့်လက်ထဲ ငွေ ၇၀ ထည့်လိုက်ရတော့သည်။ အမေ့ဈေးနုတ် ငွေ ၆၀က သူ့ဈေးအရင်းတဲ့လေ။ ကျွန်တော်မျက်မှန်ဝယ်လိုက်လို့ အမေလည်း ဈေးရင်းပြုတ်တော့သည်။

ထိုခေါက်ထီးနှင့် မျက်မှန်ကား တက္ကသိုလ်ကျောင်းသားဘဝက မိဘ၂ပါး၏ မျက်ရည်နှင့်ရင်းခဲ့သော တက္ကသိုလ်ကျောင်းသား အဆင်တန်ဆာများဖြစ်ပါ၏။ မိဘမေတ္တာကြောင့်လားမသိ ထိုခေါက်ထီးက ခိုင်လိုက်သည်မှာ
ကျွန်တော် အိမ်ထောင်ကျသည်အထိ ဆောင်းရဆဲ။ ထို့ အတူ အီတလီကိုင်းနှင့် မျက်မှန်ကလည်း အခုအချိန်ထိ
ကျွန်တော်အကြိုက်ဆုံး အနှစ်သက်ဆုံး မျက်မှန်ကိုင်းဖြစ်ပြီး မှန်ကိုသာ အကြိမ်ကြိမ်လဲရသည် ကိုင်းက
ကောင်းဆဲမို့ ကျွန်တော့်မျက်နှာတွင် နှစ်အကြာဆုံးရှိနေခဲ့သည့် ကိုင်းလည်း ဖြစ်ခဲ့ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW