ဇူလိုင်၊ ၂၀-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်မရှိဖြစ်နေတဲ့တောင်သူတွေအနေနဲ့ အရင်က စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို အတင်းတောင်းနေတာကြောင့် ဒေသခံလယ် သမားတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေကြွေးအကျန်တွေကို အမြန်ဆုံးပြန်လည်ပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲဥပဒေအရ လည်းကောင်း၊ မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမယ်လို့ ချေးငွေကျန် တောင်သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ပြောတာနဲ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။
”အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ခေါ်ပြောတာ၊ မြန်မြန် ပြန်ဆပ်ဖို့ရှာကြတဲ့ ၊ပြန်မဆပ်ရင် တရားစွဲ ထောင်ချမယ်တဲ့ ၊ အခုသူတို့ဘက်က တောင်းတဲ့ ဘဏ်ကြွေးက ၂၀၁၈ လောက်ကတည်းကကျန် တဲ့အကြွေးတွေပါ ၊
ခေတ်ကာလ ကောင်းတုန်းကတောင် အခက်အခဲရှိတယ်၊ အခုခေတ်ဆို ပိုဆိုးပြီလေ၊ ဦးတို့က လယ်လုပ်လာတာ နှစ် ၅၀ ကျော်ပါပြီ ၊ တရားရုံးလည်းမရောက်ဖူးပါဘူး ၊ ဖမ်းလည်းမခံရဖူးဘူး ၊ အခု ဘဏ်အကြွေးကြောင့် ဖမ်းမယ် ဆီးမယ် တရားစွဲမယ်ဆိုတော့ကြောက်တယ် ၊ ဦးတို့ဆီ မှာကလည်း ပိုင်ဆိုင်မှုက ဒီလုပ်နေတဲ့ လယ်ပဲရှိတာ ၊ဒါ့ကြောင့် တော်တော် ဘေးကြပ်၊နံကြပ်ဖြစ်နေတယ် ၊ အရင်ခေတ်တွေကလို လုပ်နေတဲ့လယ်များသိမ်းမလားမသိဘူး စိုးရိမ်တယ်၊ အခုနှစ်က မိုးစပါးစိုက်ဖို့တောင် မရှိဘူး၊ ဘဏ်အကြွေးပြန်ဆပ်ဖို့က ဘယ်လိုလုပ်မလည်း ။”လို့ ဧရာဝတီတိုင်းက လယ်သမားတစ်ဦးကပြောပါတယ်။
အကြွေးကျန်ချေးငွေ ပြန်လည်တောင်းယူနေတဲ့ကိစ္စနဲ့ ပတ်သက်လို့မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား တစ်ဦးက” ဒီဇူလိုင်လ မကုန်ခင် ဆပ်ဖို့ပြောထားတာ၊ ပြန်ဆပ်ဖို့ပျက်ကွက်ရင် အရေးယူမယ်အရေးယူမယ်လို့ လိုက်ကြေညာနေတာ၊ ဖမ်းမှာကြောက်ပြီး ပြန်ဆပ်နေတာ ၊ ပြန်ဆပ်တာကလည်း ကိုယ့်လက်ထဲမှာ အရန်သင့် ပိုက်ဆံရှိနေလို့ မဟုတ်ဘူး ၊ လုပ်ကိုင်နေတဲ့ လယ်ကွက်ကို ငွေလည်ပတ်နိုင်သူတွေဆီ အပေါင်းထားပြီး ပြန်ဆပ်လိုက်တာ ၊တချို့ကတော့ အပြတ်ကိုရောင်းဆပ်နေတာ ၊ ကိုဗစ်ဖြစ်လိုက် ၊နိုင်ငံရေးမကောင်းလိုက်၊စိုက်ပျိုးရေး စရိတ်တွေ အဆမတန်ကုန်လိုက်ဖြစ်နေလို့ ဆပ်ဖို့ငွေကို မစုမိလို့ မဆပ်နိုင်တော့တာ။”လို့ ပြောပါတယ်။
ချေးငွေအကြွေးကျန် သိန်း ၄၀ နီးပါးပြန်ဆပ်ရဖို့ရှိတဲ့ မအူပင်မြို့နယ်က လယ်သမားတစ်ဦးက” အားလုံး အဆင်ပြေအောင် သက်ညှာတဲ့အနေနဲ့ အမှန်တကယ် ခက်ခဲကျပ်တည်းနေတဲ့ တောင်သူတွေကို စနစ်တကျ သုံးသပ်စီစစ်ပြီး အရစ်ကျပြန်ပေးဆပ်တဲ့စနစ် ဒါမှမဟုတ် ဆိုင်းငံ့ထားပေးရင် အဆင်ပြေတာပေါ့ ၊အရင်တွေထက် တော်တော်လေးကို အခက်အခဲရှိနေလို့ပါ ၊စပါးစိုက်တိုင်းလည်း ရွှေခရုဖျက်တဲ့ အန္တရာယ်ကြုံနေရတယ်၊ မြေသြဇာဈေးတွေနဲ့ အခြားသွင်းအားစုတွေက အဆမတန် ဈေးတက်နေလို့ တော်တော်ခက်ခဲနေတာ၊ အရင်းပြန်ရဖို့တောင် လုပ်နေရတာ ၃ နှစ်လောက်ရှိပြီ။ ”လို့ ပြောပါတယ်။
ချေးငွေတွေပြန်လည်တောင်းယူနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျေးရွာ ဘဏ်တာဝန်ခံတစ်ဦးက” ကျွန်တော်တို့ ချေးငွေတွေ တောင်းနေရတာကလည်း အထက်ကညွန်ကြားချက်တွေနဲ့ လုပ်ရတာပါ၊ ပြောရမယ်ဆိုရင် ကြားခံ သက်သက်ပါ၊ တစ်ဖက်ကနေ ဒါလေးကတော့ ဒီလိုလေး လုပ်ပေးပါဆိုလို့ လုပ်ရတာ၊ ဥပမာ အသေးစိတ်ကိစ္စတွေ ပြန်မဆပ်နိုင်သေးတာ ၊ဆပ်ပေးဖို့ကာလ ရွှေ့ခိုင်းတာ စတဲ့ကိစ္စတွေကတော့ တောင်သူများနဲ့သက်ဆိုင်တို့ ညှိုလုပ်ပါလို့ပဲပြောချင်တယ်။” လို့ပြောပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေပြန်ဆပ်ဖို့ကို အရင် ၂၀၂၀ပြည့်နှစ်လောက်ကလို အပြင်ကနေ စပါးပေါ်ရင် ပြန်သွင်းပေးရတဲ့စနစ်နဲ့ ချေးငွေချေး ပေးတဲ့လုပ်ငန်းတွေလည်း မရှိတော့လို့ ချေးငွေယူဆပ်ဖို့ အခက်အခဲရှိနေတာလို့ သိရပါတယ်။
ဒါအပြင် အခုနှစ် ပြီးခဲ့တဲ့ စပါးတွေစတင်စိုက်ပျိုးချိန်က ဓါတ်မြေဩဇာဈေးတက်နေတာ ၊ စက်သုံးဆီ ဒီဇယ်နဲ့ ဓါတ်ဆီဈေးကြီးမြင့်တက်နေတာ ၊စပါးအပင်ဖျက်ဆီးတဲ့ ရွှေခရုတွေကျရောက်ခဲ့တာ စတဲ့အခက်ခဲအကျပ်အတည်း တွေနဲ့ ရင်ဆိုင်ခဲ့ရလို့ စပါးတွေ အထွက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။
အခုလို အခက်အခဲတွေနဲ့ ကြုံနေရတဲ့ ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ ဆန် ၊ စပါး စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက အများဆုံး လုပ်ကိုင်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါး ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါး ၁ ဒသမ ၄ သန်းကိုနှစ်စဉ်စိုက် ပျိုးထုတ်လုပ်နေတယ်လို့ သတင်း မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီ #စိုက်ဘဏ်ချေးငွေ #တောင်သူအခက်အခဲ