ဇူလိုင် ၂၁ – ၂၀၂၃
SN (VOM)
ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို မနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၃) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် အနှစ်၂၀ အထိ ရှိလာပြီဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကနေ သိရပါတယ်။
“ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မနေ့က အမိန့်ထပ်ချလိုက်တာပါ။ နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတော့ မရှိတော့ပါဘူး။ သူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရပြီးပြီ။ အခု ထောင်ဒဏ်နဲ့ဆို စုစုပေါင်း နှစ် ၂၀ ပေါ့။ လက်ရှိကတော့ အင်းစိန်အကျဉ်းထောင်မှာပါ။ ကျန်းမာရေးကောင်းပါတယ်။ မိသားစုဝင်တွေနဲ့လည်း ထောင်ဝင်စာကနေတဆင့် အဆက်အသွယ်ရတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ (ဒုတိယနှစ်)ကျောင်းသားတစ်ဦးဖြစ်သလို ဒေါပုံဗကသဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ကိုဉာဏ်ဝင်းထက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပါတယ်။
ကိုဉာဏ်ဝင်းထက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်က နေအိမ်မှာလာရောက်ရှာဖွေချိန် မတွေ့ရှိခဲ့တာကြောင့် သူ့ရဲ့ မိဘနှစ်ဦး အပါအဝင် မိသားစုဝင် ခုနစ်ဦးကိုဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
နိင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၇၇) ဦးရှိပြီး (၁၉၅၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ (၆၉၂၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။
Photo Crd – ABFSU
#voiceofmyanmar #VOM #ဒေါပုံ #ဗကသဥက္ကဌဟောင်း #ထပ်တိုးထောင်ဒဏ်ချမှတ်ခံရ