VOM ရဲ့ တပတ်အတွင်း စီးပွားရေး သတင်းမြင်ကွင်း –

ရုရှားကြောင့် ကမ္ဘာ့ဂျုံစျေးနှုန်း သိသိသာသာ မြင့်တက်မှု ကမ္ဘာတ၀န်း ကြုံတွေ့ရနိုင်
– ကမ္ဘာ့စီးပွားရေး အလားအလာ အလွန်မရေမရာဖြစ်နေကြောင်း သတိပေး
– ဆန်စျေး ထိန်းချုပ်ဖို့ ပြည်ပကို ဆန်တင်ပို့မှု အိန္ဒိယအစိုးရ ပိတ်ပင်
-စင်ကာပူမှာ အိမ်ခြံမြေ၀ယ်ချင်တဲ့ နိုင်ငံခြားသားတွေ ခွင့်ပြုချက်ယူရတော့မယ်
– စက်မှုဇုန် ထုတ်ကုန်များအပေါ် ကုန်သွယ်ခွန် လျှော့ကောက်ပေးဖို့ ညှိနှိုင်းနေ
MSN(VOM)
၂၁-၇-၂၀၂၃

(၁) ရုရှားကြောင့် ကမ္ဘာ့ဂျုံစျေးနှုန်း သိသိသာသာ မြင့်တက်မှု ကမ္ဘာတ၀န်း ကြုံတွေ့ရနိုင်
ယူကရိန်းဆိပ်ကမ်းတွေကို ဦးတည်လာတဲ့ သင်္ဘောတွေကို အလားအလာရှိတဲ့ စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်မယ်လို့ ရုရှားက ကြေညာလိုက်ပြီးနောက် ကမ္ဘာ့စျေးကွက်မှာ ဂျုံစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။
ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်းကနေ ကောက်ပဲသီးနှံတင်ပို့မှုအတွက် ကုလသမဂ္ဂက ကမကထပြုထားတဲ့ သဘောတူညီချက်ကနေ ရုရှားနှုတ်ထွက်ပြီးနောက် ဂျုံစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။
ဥရောပစတော့စျေးကွက်မှာ ဂျုံစျေးနှုန်းဟာ ဇူလိုင် ၁၉ ရက်မှာ ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တတန်ကို ၂၅၃ ဒသမ ၇၅ ပေါင်ထိမြင့်တက်ခဲ့ကာ ပြောင်းစျေးကတော့ ၅ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့့ပါတယ်။ အမေရိကန်မှာတော့ ဂျုံစျေးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်နေပါတယ်။
ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုနဲ့ ကာလရှည်ကြာ စျေးနှုန်းမြင့်မားမှုတွေဖြစ်လာမယ်ဆိုရင် ဂျုံစျေးနှုန်းကြီးမြင့်ခြင်းရဲ့ သက်ရောက်မှုကို လာမယ့်လတွေအတွင်း ကမ္ဘာတ၀န်းမှာ ကြုံတွေ့လာရဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

(၂) ကမ္ဘာ့စီးပွားရေး အလားအလာ အလွန်မရေမရာဖြစ်နေကြောင်း သတိပေး
ကမ္ဘာ့စီးပွားရေးအလားအလာဟာ အလွန်မသေချာမရေရာဖြစ်နေကြောင်း ဂျပန်ဗဟိုဘဏ်အကြီးအကဲ ယူအီဒါကာဇူအိုက သတိပေးပြောဆိုလိုက်ပါတယ်။
ငွေကြေးဖောင်းပွမှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေရှိ ဗဟိုဘဏ်တွေဟာ သူတို့ရဲ့ငွေကြေးမူဝါဒတွေကို တင်းကြပ်ထားတာကြောင့် ကမ္ဘာ့စီးပွားရေးဟာ ယမန်နှစ်ကတည်းက စတင်နှေးကွေးသွားကြောင်း ဂျပန်ဗဟိုဘဏ်အကြီးအကဲက ဆိုပါတယ်။
ကမ္ဘာ့စီးပွားရေးဟာ ယခုနှစ်အတွင်း မျှော်မှန်းသလောက်နှေးကွေးခြင်းမရှိပေမယ့်လည်း အနာဂတ်အလားအလာမှာတော့ မရေရာမှုများမြင့်တက်နေကြောင်း လေ့လာသူအချို့ကလည်း သုံးသပ်ပြောဆိုထားပါတယ်။
ဂျပန်ဗဟိုဘဏ်အနေနဲ့ ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် မူဝါဒဆိုင်ရာအစည်းအဝေးမှာ အတိုးနှုန်းနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ဖြေလျှော့သွားဖွယ်ရှိကြောင်း ဂျပန်ဗဟိုဘဏ်အကြီးအကဲ ယူအီဒါကာဇူအိုက ထုတ်ဖော်ပြောဆိုထားပါတယ်။

(၃)စင်ကာပူမှာ အိမ်ခြံမြေ၀ယ်ချင်တဲ့ နိုင်ငံခြားသားတွေ ခွင့်ပြုချက်ယူရတော့မယ်
စင်ကာပူနိုင်ငံရှိ စီးပွားရေးနဲ့လူနေထိုင်ရာ ဇုန်မြေ သို့မဟုတ် အိမ်ခြံမြေ၀ယ်ယူလိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဇူလိုင် ၂၀ ရက်ကစပြီး စင်ကာပူအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။
အခုလိုသတ်မှတ်လိုက်တာဟာ လူနေအဆောက်အအုံ သို့မဟုတ် စီးပွားရေးဆိုင်ရာမြေအဖြစ် အမျိုးအစားခွဲခြားဖို့ အိမ်ခြံမြေဥပဒေ(RPA)ကို ပြန်လည်ပြင်ဆင်လိုက်တာဖြစ်ကြောင်း စင်ကာပူ တရားရေး၀န်ကြီးဌာနနဲ့ အိမ်ခြံမြေအာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။
စီးပွားရေးနဲ့ လူနေအဆောက်အအုံပေါင်းစပ်ထားတဲ့ နေရာတွေက အိမ်ခြံမြေ၀ယ်ယူလိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ စင်ကာပူ အိမ်ခြံမြေဥပဒေ(RPA) အောက်မှာ လျှောက်ထားရတော့မှာဖြစ်ပြီး ပိုင်ဆိုင်ပြီးသားသူတွေအနေနဲ့ ပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ ပြန်လည်တည်ဆောက်ခြင်းတွေအတွက်လည်း ခွင့်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံသားတွေအတွက် အိမ်ခြံမြေပိုင်ဆိုင်မှုကို ပိုမိုကာကွယ်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့ စင်ကာပူနိုင်ငံမှာ ပိုင်ဆိုင်မှုအလွန်အကျွံရှိနေခြင်းကို တားဆီးဖို့ ကြိုတင်ပြင်ဆင်မှုအဖြစ် ရှုမြင်နိုင်ကြောင်း စီးပွားရေး အကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

(၄)ပြည်တွင်းဆန်စျေး ထိန်းချုပ်ဖို့ ပြည်ပကို ဆန်တင်ပို့မှု အိန္ဒိယအစိုးရ ပိတ်ပင်
အိန္ဒိယနိုင်ငံမှာ ပြည်တွင်းဆန်စျေးနှုန်းကြီးမြင့်မှုကို ဟန့်တားဖို့ကြိုးပမ်းမှုအဖြစ် ဘာစမာတီမဟုတ်တဲ့ ဆန်ဖြူတင်ပို့ကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတွင်းရှိ ကောက်ပဲသီးနှံတွေပျက်စီးခဲ့တာကြောင့် ပြည်တွင်းဆန်စျေးဟာ လွန်ခဲ့တဲ့ ၁၂ တာကာလအတွင်း ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့့ပါတယ်။
ဘာစမာတီမဟုတ်တဲ့ ဆန်ဖြူဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံဆန်တင်ပို့မှုရဲ့ လေးပုံတပုံရှိကြောင်း အိန္ဒိယစားသုံးသူရေးရာ ၀န်ကြီးဌာနက ထုတ်ြပန်ပါတယ်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်ပင်လိုက်တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၄၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ဘာစမာတီမဟုတ်တဲ့ဆန်ကို အာရှနှင့် အာဖရိကနိုင်ငံတွေကို အဓိကတင်ပို့လျှက်ရှိပါတယ်။
ပြည်ပတင်ပို့မှုတွေကို ကန့်သတ်နိုင်ဖို့အတွက် အိန္ဒိအစိုးရဟာ ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပြီး ဂျုံနဲ့ သကြားတင်ပို့မှုကိုလည်း ကန့်သတ်ခဲ့့ပါတယ်။

(၅) စက်မှုဇုန် ထုတ်ကုန်များအပေါ် ကုန်သွယ်ခွန် လျှော့ကောက်ပေးဖို့ ညှိနှိုင်းနေ
စက်မှုဇုန်တွေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကနေ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ကုန်သွယ်ခွန်လျှော့ချကောက်ခံပေးဖို့ ညှိနှိုင်းနေတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။
ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ (၂၀၂၃) အတွင်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ်မှာလည်းကောင်း၊ ပြည်ပကနေ တင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးပေါ်မှာလည်းကောင်း ၅ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမယ်လို့ ပြဌာန်းထားပါတယ်။
ကုန်သွယ်လုပ်ငန်းခွန်ကျသင့်တဲ့ ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ်ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွင့်ကျသင့်တဲ့ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းနဲ့ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့ကနေ နိုင်ငံခြားငွေရရှိပါက ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်ငွေနဲ့ပဲ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

Ref: Reuters/BBC/ CNA
#voiceofmyanmar #VOM #စီးပွားရေးသတင်းမြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW