ဇူလိုင် ၂၅-၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း ၂၄နဲ့၂၅လမ်းကြားက ဂျီဝမ်း ဆေးဆိုင်မှာ မနေ့ ဇူလိုင် ၂၄ရက် ည၈နာရီခွဲခန့်က သိန်း ၈၀၀ နီးပါး ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဲနဲ့နီးစပ်သူကို ဆက်သွယ်ရာမှာတော့” ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ဆေးဆိုင် ဓားပြတိုက်ခံရတယ်၊ လာတိုက်တဲ့အချိန် အမျိုးသား ၅ယောက်ပါတယ် သေနတ်ပါတယ်လို့လည်း သိရတယ်၊ ဆိုင်သိမ်းနေချိန် ဝင်တိုက်တော့ ဆေးရောင်းရငွေ သိန်း ၃၀၀နဲ့ ရွှေထည်ပစ္စည်းရော သိန်း၅၀၀ ခန့် ပါသွားတယ်”လို့ ပြောပါတယ်။
အဲ့ဒီဆေးဆိုင်ကို မနေ့ ညပိုင်းက အမည်မသိ လူ (၅)ဦး အိမ်စီးမော်တော်ကားနဲ့ သေနတ် အတို၊အရှည်(စိစစ်ဆဲ)ကိုင်ဆောင် ရောက်လာပြီး “စစ်ဆေးစရာရှိလို့ လာတာ၊မလှုပ်နဲ့ ပစ်မှာ”စတဲ့ ခြိမ်းခြောက်စကားတွေ ပြောဆိုကာ ဆေးဆိုင်မှာရှိနေတဲ့ လူ(၄)ဦးကို လက်ပြန်ကြိုးတုပ်၊ မှောက်ခိုင်းထားကြောင်း၊ အဲ့ဒီနောက် ဆေး ရောင်းရငွေ သိန်း ၃၀၀ ခန့်၊ လက်ကောက်၊ နားကပ်၊ရွှေဘယက်၊ရွှေတုံး ၁တုံး သိန်း ၅၀၀ ခန့်စုစုပေါင်း သိန်း ၈၀၀ ခန့်ကို ဓားပြတိုက်လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီး နောက်ပိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး တရားခံဖမ်းဆီးရရှိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့မှာ နိုင်ငံရေးဖြစ်စဉ်တွေ ပြောင်းလဲပြီး နောက်ပိုင်း ရွှေဆိုင်အချို့ ဓားပြတိုက်ခံရတာ၊ ဆိုင်ကယ်စီးနေချိန် ဆိုင်ကယ်လုယက် လူသတ်မှုနဲ့ အခြားဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်အချို့က ကျူးလွန်သူတွေကိုတော့ ဖမ်းမိခဲ့တာရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
Photo Crd -Original Uploader
#voiceofmyanmar #VOM #မန္တလေး #ဆေးဆိုင်ဓားပြတိုက်ခံရမှု