ဇူလိုင် ၃၀- ၂၀၂၃
GG (VOM)
ဆန်စျေးနူန်းမြင့်တက်လာတဲ့ အခြေအနေကြောင့် ဆန်ကွဲနဲ့ အဝါဖောက်ဆန်တွေကို ဝယ်ယူစားသုံးတဲ့ မိသားစုတွေများလာတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဆန်ကွဲ ၊ ဆန်ဝါ စျေးကလည်း ဒီနေ့မှာ အတက်ဘက်ကိုသွားနေပြီး တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ကျော်အထိ စျေးတန်းဖြစ်လာတယ်လို့ သိရပါတယ်။
အရင်က ဆန်ကွဲတစ်အိတ်ကို ၂၀၀၀၀ ကျော်ကစပြီး အဲ့ဒီနောက် ၃၀၀၀၀ ကနေ ၄၀၀၀၀ ကျော်အထိ စျေးတန်းမြင့်တက်လာပြီး လက်ရှိ ၅၀၀၀၀ ကျော်အထိ တက်လာတာဖြစ်ပါတယ်။
” အခုက ဆန်ကွဲ၊ဆလပ်ကျိုးဆန်စကို စားနေရတဲ့ မိသားစုတွေရှိပါတယ်။ဆန်အဝါဖောက်နေတာမျိုးတွေ စားကြတာရှိလာပါတယ်။မနေ့ကဆို ဆန်ဝါတစ်အိတ်လာဝယ်လို့ မွေးမြူရေးအတွက်လားလို့ မေးလိုက်မိတာ မဟုတ်ပါဘူး စားဖိုပါတဲ့ အားနာသွားရတယ်ဗျာ၊စျေးကလည်း ဆန်စျေးကငြိမ်ပြီး ဆန်ကွဲနဲ့ဆန်ဝါက ပြန်တက်လာတယ်။ ခေတ်အခြေအနေ လုပ်ခလစာ၊ဆန်စျေးတက်မှုတွေကြောင့် လူတွေအဆင်မပြေဖြစ်လာကြတဲ့သဘောပါ၊ကျနော်တို့လည်းအတတ်နိုင်ဆုံး စျေးကိုထိန်းရောင်းပေးနေတာပါ။ဆန်သာကုန်သွားတယ် အရင်းကကြီးတော့ ထပ်ဝယ်နိုင်တဲ့ပမာဏက လျော့လျော့လာတယ် “လို့ ရန်ကုန်က ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
လက်ရှိပြင်ပဆန်စျေးကွက်မှာ အနိမ့်ဆုံး ဆန် ၂၄ ပြည်တစ်အိတ်ကို ၆၇၀၀၀ ကျပ်ကနေ ရွှေဘိုပေါ်ဆန်းမွှေး ထူးရှယ် ၁၃၀၀၀၀ ကျပ်အထက်ထိ စျေးနူန်းရှိပြီးလက်လီစျေးကွက်မှာတော့ ဆန်အနိမ့်ဆုံးတပြည်ကို ၃၂၀၀၀ ကျပ်ကနေ စပြီးရောင်းချနေကြပါတယ်။
အခုလို ဆန် စျေးမြင့်တက်နေတာအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ဆန် ၊ စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်အောင်ဆိုပြီး စုဆောင်းထားတဲ့ အရန်ဆန်တွေထဲကနေ ဆန်အိတ်ရေ ၅၀၀၀၀ ကိုမကြာမီ ထုတ်ရောင်းပေးမယ်လို့ ဇူလိုင် ၂၈ ရက်နေ့မှာ ပြောဆိုထားတယ်လည်း ရှိပါတယ်။
ဒါပေမယ့် ဆန်အိတ်ရေ ၅၀၀၀၀ ဆိုတဲ့ပမာဏဟာ တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ ဆန်စျေးနူန်းမြင့်တက်မှုကို တည်ငြိမ်အောင်ထိန်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ၊ လက်ရှိရောင်းချပေးမှာကလည်းရန်ကုန်တိုင်းကို အဓိကရောင်းပေးမယ့်အစီအစဥ်ဖြစ်တာကြောင့် ထူးခြားထိရောက်မှုတော့ မရှိနိုင်ဘူးလို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။
” ဆန်အိတ် ၅၀၀၀၀ က သူတို့တကယ်ရောင်းရင် လှိုင်သာယာတစ်ခုတည်းတောင် မလောက်ဘူး ။ တစ်အိမ်ထောင်ဘယ်လောက်ရောင်းမှာလဲ။ဘယ်လိုပုံစံရောင်းမလဲ၊ဘာဆက်လုပ်မလဲ စတဲ့အချက်တွေမသိရသေးဘူး၊ ဘယ်စျေးနဲ့ရောင်းမလဲ၊ ဘာဆန်လဲ မပါဘူး၊လျှော့ရောင်းပေးမယ်ပဲပါတယ်။ဆန်အိတ် ၅၀၀၀၀ လောက်ထုတ်ရောင်းပေးပြီး စျေးနူန်းတည်ငြိမ်အောင် လုပ်မရနိုင်ပါဘူး။ဒါကအဖြေမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အချိန်ကာလတစ်ခုထိ တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ရောင်းပေးမယ်ဆိုရင် တမျိုးပေါ့”လို့ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။
MRFကတော့ ထုတ်ရောင်းပေမယ့် ဆန်တွေဟာ ပြည်ပပို့ကုန်ကုမ္ပဏီတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ စုဆောင်းထားတဲ့ အရန်ဆန်တွေဖြစ်ပြီး နောက်ထပ်လည်း အခြားအစီအစဉ်နဲ့ စီစဉ်ထား တဲ့ အရန်ဆန်တွေကို ဈေးကွက်အတွင်း အမြန်ဆုံးထည့်သွင်းရောင်းချသွားဖို့ ဆက်လုပ်သွားမယ်လို့ ဇူလိုင် ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ကနဦးအနေနဲ့(၂၅% အဆင့် -single polished & sorted) (၅၀) ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကို ထုတ်ရောင်းသွားမှာဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမယ်လို့ သိရပါတယ်။
” ရှေ့လထဲမှာ စရောင်းပေးမယ်၊အပြင်ပေါက်စျေးထက် လျှော့ပြီးရောင်းပေးမှာပါ။ရောင်းမယ့်ရက်၊စျေးနူန်းတွေ ထပ်ကြေညာပေးမှာပါ။အဓိက စျေးကွက်တည်ငြိမ်အောင် ထိန်းတဲ့သဘောပါ။ ရန်ကုန်ကို အဓိကစရောင်းမှာပေါ့ ” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အဖွဲ့ဝင် ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ကနဦးထုတ်ရောင်းပေးမယ့် ဆန်အိတ် ၅၀၀၀၀ ကို ရန်ကုန်တိုင်းမှာ အဓိကစတင်ရောင်းချမှာဖြစ်ပြီး ကုန်စည်ဒိုင်တွေကနေတဆင့် ပြန်လည်ရောင်းချပေးဖို့စီစဥ်ထားကြောင်း၊ စက်ရုံ၊အလုပ်ရုံဝန်ထမ်းတွေကိုလည်း ရောင်းချပေးမှာဖြစ်တယ်လို့ ကနဦးသိရပါတယ်။
ရန်ကုန် ဆန်စပါးဝါးတန်းကုန်စည်ဒိုင်က ဇူလိုင်၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဆန်စျေးကွက်မှာတော့ ဆန်တစ်အိတ်ကို အနိမ့်ဆုံး ၆၂၀၀၀ ကျပ်ကစပြီး ရွှေဘိုပေါ်ဆန်းမွှေး အမြင့်ဆုံး ၁၁၅၀၀၀ ကျပ် ဖြစ်ကြောင်း၊လတ်တလော ရန်ကုန်ကုန်စည်ဒိုင်ကို ဆန်အဝင်နည်းနေပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အနေအထား ရှိတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ဆန်စပါးကဏ္ဍ