သက္ကယ်ကျင်းရွာ အုပ်ချုပ်ရေးမှူးရဲ့မိသားစုဝင် ၃ ယောက်အပါအဝင် ၅ ယောက် အသတ်ခံရ

ဇူလိုင် ၃၁ -၂၀၂၃
GG ( VOM)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာက စာသင်ကျောင်းမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၃ ဦးအပါအဝင် ၅ ယောက် အသတ်ခံခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေက သက္ကယ်ကျင်းရွာ အုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူ ဒေါ်သူဇာ ၊အမဖြစ်သူ ဒေါ်ကြည်လွင် ၊အစ်ကိုဖြစ်သူ ကိုစိန်ဝင်း ဆိုသူ နဲ့ အနီးနားနေထိုင်သူ ကိုနေထက်အောင်၊ ဦးခင်စိုးတို့ဖြစ်ပြီး ဒေါ်ကုလားမဆိုသူ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထဲကလည်း ဒဏ်ရာရသူရှိခဲ့တယ်လို့သိရပါတယ်။

” အပစ်ခံရတာက ၆ ယောက်ပေမယ့် သေဆုံးသူကတော့ ၅ ယောက်ပါ၊ စစ်သားသေမသေတော့ ကျနော်လည်းမသိဘူး။အခုသေတဲ့ ၅ ယောက်ကတော့ အရပ်သားတွေပါ။သူကြီးသမီး ၊သူကြီးအစ်မ၊ သူကြီးအစ်ကိုပါ၊ နောက်၂ယောက်က သူတို့အိမ်နားကပါ ၊ဆွေမျိုးမ​တော်ဘူး ။သူကြီးနဲ့ သူ့မိန်းမက လွတ်သွားတယ်”လို့ သက္ကယ်ကျင်းရွာ အနီးပတ်ဝန်းကျင်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ သက္ကယ်ကျင်းရွာ နေထိုင်သူအချို့ကတော့ အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် ကြောက်ရွံနေတာကြောင့် နေအိမ်တွေကနေ တိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက အုပ်ချုပ်ရေးမှူးနေအိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီနောက် သက္ကယ်ကျင်းရွာမှာတပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကိုတော့ နယ်မြေခံ Natogyi People Defence Force(မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း) ၊ မလှိုင်မြို့နယ်ပကဖ၊ နွားထိုးကြီးမြို့နယ်ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တို့ ၄ ဖွဲ့ က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ယခုပစ်ခတ်ရှင်းလင်းခံရသူတွေဟာ ပျူစောထီးအဖွဲ့ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားမှုအရ သိရပါတယ်။

#voiceofmyanmar #VOM #မလှိုင်

Related posts

Leave a Comment

VOM News

FREE
VIEW