သြဂုတ် ၊ ၄ ၊ ၂၀၂၃
SP(VOM)
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဝါဆိုသီတင်းသုံးကြတဲ့ သံဃာအရေးအတွက် ဒီနှစ်မှာ သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့ မြို့နယ်သံဃနာယက ဦးဆောင်ဆရာတော်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း သံဃာဝန်ဆောင် ဆရာတော် တစ်ပါးက ” ရေဦး ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ တန့်ဆည် ၊ ကနီ ၊ ပုလဲ ၊ ဆားလင်းကြီး ၊ ကလေး ၊ ထီးချိုင့် ၊ အရာတော် စတဲ့မြို့နယ်တွေဘက်က ကျေးရွာတွေမှာ ဝါဆိုသံဃာ မရှိသလောက်နည်းတယ် ၊ ဘုန်းကြီးကျောင်းတွေကို သော့ခတ်ပြီး ရှောင်တိမ်းနေရတယ်၊ အဲ့ဒီလို ဘုန်းကြီးကျောင်းက သံဃာတော်တွေဟာ ၊ ရွာကကျောင်းမှာ ဝါမဆိုနိုင်ပေမယ့် ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ မော်လမြိုင် စတဲ့မြို့ကြီးတွေက စာသင်တိုက်တွေ ၊ ရိပ်သာတွေဘက်မှာ သွားရောက် ဝါဆိုကြတယ် ” လို့ မိန့်ပါတယ်။
မကွေးတိုင်းက ဆရာတော်တစ်ပါးကလည်း ” ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ထဲက ကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ဘုန်းကြီးကျောင်းတွေ အများစု ပိတ်ထားရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ် ၊ တချို့ရွာတွေမှာဆိုရင် ဘုန်းကြီး မရှိတဲ့ရွာတွေ အများကြီးပဲ ၊ မြိုင်မြို့နယ်နဲ့ ရေစကြို ၊ ပေါက်မြို့နယ်တွေမှာ နယ်သံဃာ မရှိဘူး ၊ တခြားမြို့ကြီးတွေမှာ သွားရောက် သီးတင်းသုံးပြီး အဲ့ဒီမှာပဲ ဝါဆိုကြတယ် “လို့ မိန့်ပါတယ်။
ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ နေထိုင်တဲ့ သံဃာ့ဝေယျဝစ္စ အကျိုးဆောင် တယောက်က ” မြိုင်မြို့နယ်မှာ လဝက ရုံး မီးရှို့ဖျက်ဆီးခံထားရတယ် ၊ နောက်ပြီး နယ်က ဘုန်းကြီးကျောင်းတွေ ခြိမ်းခြောက်ခံထားရတယ် ၊ အဲ့ဒါကြောင့် ရဟန်းသံဃာတွေက ကျောင်းမှာ မနေရဲတော့ဘူး ၊ ကျောင်းတံခါး သော့ခတ်ပြီး တခြား တိုင်းနဲ့ ပြည်နယ်တွေဆီ ဘေးလွတ်ရာကို ထွက်ပြေး သီးတင်းသုံး ဝါဆိုကြတယ် ၊ အရင်က မြိုင်နယ်မှာ ဝါဆိုသံဃာ ဦးရေ ထောင်ဂဏန်း ရှိပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်ကျော်စပြီး ဝါဆိုသံဃာ ဦးရေ ရာဂဏန်းလောက်ပဲ ကျန်တော့တယ် ၊ ဒါတောင် မြို့နဲ့နီးတဲ့ ကျောင်းတွေလောက်မှာပဲ သံဃာရှိတော့တာဖြစ်တယ် ၊မြို့နဲ့ဝေးတဲ့ ရွာတွေမှာ သံဃာတော်တွေ မနေရတော့ဘူး “လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့၂ နှစ်ကျော်ကာလက စပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ရဟန်းသံဃာနဲ့ သီလရှင် ဆရာကြီးတွေ သတ်ဖြတ်ခံရတာ ၈၀ ကျော်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #ဝါဆိုသံဃာအရေအတွက်လျော့နည်း