ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးတက်လာလို့ အခက်အခဲတွေ ဖြစ်နေ

ဩဂုတ် ၉ – ၂၀၂၃
SN (VOM)

ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးထပ်တက်လာလို့ ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ အိမ်ပိုင်ရှင်တွေနဲ့ အဆောင်ငှားရမ်းသူတွေက လွန်ခဲ့တဲ့ နှစ်လကျော်လောက်မှ စတင်ကာ ငှားရမ်းခတွေ တိုးမြှင့် ကောက်ခံလာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“အရင်ကတော့ အဆောင်ငှားခက ၃၀၀၀၀၊ ၃၅၀၀၀ ဝန်းကျင်ပဲ ရှိတာ။ အခုဆိုရင် ၅ သောင်း ၆ သောင်းလောက်ရှိတယ်။ အလုပ်ကရတဲ့လစာက ၂၂၀၀၀၀၊ ရတဲ့ လစာနဲ့ စားစရိတ် နေဖို့အဆောင်ခတွေက မကိုက်တော့တာပေါ့။ ချွေတာမယ်ဆိုရင် ဘယ်အပိုင်းကို ချွေတာရမလဲ ဆိုတာ တွေးလို့မရဘူး။ နယ်ကအိမ်ကို ပိုက်ဆံပြန်ပို့ဖို့တောင် အနိုင်နိုင်”လို့ ဗိုလ်တထောင်မြို့နယ်မှာ အဆောင်ငှားရမ်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်ကစလို့ နယ်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ကို ပြောင်းရွေ့လာကာ အိမ်ငှားရမ်းနေထိုင်တာ၊ အဆောင်ငှားရမ်းနေထိုင်တာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

အဲ့ဒီ့လို ရွှေ့ပြောင်းလာကြသူတွေထဲမှာ အလုပ်လုပ်ကိုင်ကြသူတွေ၊ သင်တန်းတက်ရောက်သူတွေလည်းရှိပြီး အခုလို အိမ်ငှားခ၊ အဆောင်ခတွေ ထပ်မံတိုးမြှင့် ကောက်ခံလာပါက ခက်ခဲမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်။

“ရန်ကုန်မှာ အခန်းငှားဖို့ဆို တစ်လချုပ်တွေက လုံး၀မရသလောက်ဘဲ။ သုံးလချုပ်တွေတောင် သိပ်မရတော့ဘူး။ ခြောက်လချုပ်တွေပဲ ပိုများလာတယ်။ အရင်က ညှိညှိနှိုင်းနှိုင်းနဲ့ သုံးလချုပ်ဆိုတာ ရှိသေးတယ်။ အခု အဲ့ဒါက မရှိသလောက် ရှားသွားပြီ။ တစ်လချုပ်၊ သုံးလချုပ်နဲ့ ငှားချင်ရင် သန်လျင်၊ ကျိုက်ခေါက်၊ ရွှေပြည်သာ၊ လှိုင်သာယာတို့လို နေရာတွေနဲ့ အဆောင်တွေမှာပဲ ရတော့မှာ။ အဲ့ဒီလိုနေရာတွေကျတော့လည်း အလုပ်တစ်ခါသွားဖို့ အချိန်အရမ်းပေးရတယ်။ ဒါပေမယ့် အခုအနေအထားက လုံးဝအဆင်မပြေတော့ရင်လည်း အဲ့ဒီဘက်တွေပြောင်းသင့်ရင်လည်း ပြောင်းရမှာပေါ့”လို့ သာကေတမြို့နယ်မှာ တိုက်ခန်းငှားနေသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ထဲ ဧရိယာရှိ မြို့နယ်တွေက နေအိမ်ငှားရမ်းခ စျေးနှုန်းတွေဟာ နေရာ‌ဒေသပေါ်မူတည်ပြီး ကျပ်လေးသိန်းမှစတင်ကာ စျေးကွက်ပေါက်စျေး ရှိနေပြီး နေထိုင်ရမယ့်ပတ်၀န်းကျင်အလိုက် အိမ်ငှားရမ်းခ စျေးနှုန်းတွေ ကွာခြားတယ်လို့ အိမ်အငှား၀န်ဆောင်မှု လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ အိမ်နဲ့ အဆောင်ငှားခတွေဟာ ရန်ကုန်တစ်မြို့လုံးအတိုင်းအတာနဲ့ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ကာ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ပုဇွန်တောင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဒဂုံ အစရှိတဲ့ နေရာတွေမှာ အိမ်ခန်း၊ တိုက်ခန်းနဲ့ အဆောင်တွေ အငှားသွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း သက်ဆိုင်ရာက နေအိမ်တိုက်ခန်းပိုင်ရှင်တွေကို အိမ်ငှားတွေကို စိစစ်ငှားဖို့၊ အိမ်ငှားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အထောက်အထားတွေကို ရယူထားဖို့နဲ့ နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်သူတွေကို ငှားရမ်းပါက နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမှာ ဖြစ်တယ်လို့ အခုနှစ် ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်ပိုင်ရှင်တွေက အိမ်ငှားရမ်းရာမှာ စိစစ်ပြီးငှားရမ်းခြင်း၊ အိမ်လစာ တိုးမြှင့်ကောက်ခံခြင်းတွေ ရှိလာတယ်လို့ သိရပါတယ်။

“အခုက အစစအရာရာ ပိုကြပ်တဲ့ခေတ် ဖြစ်နေတာ။ အိမ်ခန်း၊ အဆောင်နေထိုင်သူတွေရဲ့ အချက်အလက်အပြည့်အစုံနဲ့ ဓာတ်ပုံကိုပါပြပြီး သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ အခကြေးငွေပေးပြီး ဧည့်စာရင်းတိုင်ကြားနေရတယ်။ အခန်းငှားရမ်းတာတွေ များပေမယ့် နစက က လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ စစ်ဆေးတာတွေကြောင့် လူရွေးငှားနေရလို့ အရင်လို အလုပ်သိပ်မဖြစ်ကြတော့ဘူး။ ပြီးတော့ အခုက ကျူးကျော်နေအိမ်တွေ တော်တော်များများ ဖျက်သိမ်းတာတွေကြောင့်လည်း အဆောင်ငှား၊ အိမ်ငှားတွေပိုများလာတယ်။ ဒီအချက်ကလည်း ငှားခတွေ ဈေးတက်လာတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့”လို့ အိမ်အငှား၀န်ဆောင်မှု လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

အခုလို အိမ်၊ အဆောင်ငှားရမ်းခတွေ ဈေးတက်လာပေမယ့် အလုပ်လုပ်ကိုင်သူတွေရဲ့ လုပ်ခလစာ တိုးလာတာမျိုး မရှိတဲ့အတွက် ၃ ယောက်နေရမယ့် အခန်းမှာ လူပိုပြီး နေထိုင်တာ၊ မြို့နယ်အစွန်က လိုင်းခန်းတွဲလို နေရာမျိုးတွေကို ပြောင်းရွှေ့ငှားရမ်းရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

“လိုင်းခန်းတွဲတွေက ကျွန်တော်တို့ အခု နေနေတာဆို တစ်ခန်းကို ၁၂၀၀၀၀ ရှိတယ်။ စပေါ် တစ်လစာ တင်ရတယ်။ ၃ လချုပ်နဲ့။ အရင်က လုံးချင်းအိမ်လေး ခြောက်လချုပ် နှစ်သိန်းခွဲနဲ့ ငှားနေတာ။ အဆင်မပြေတော့လို့ ဒီဘက်ပြောင်းလာတာ။ ကျွန်တော်ရတဲ့လစာက ၃ သိန်းရှိတယ်။ ကျွန်တော့်အမျိုးသမီးက ရပ်ကွက်ထိပ်မှာ ဈေးရောင်းတယ်။ တစ်ရက်ကို ခုနစ်ထောင်၊ တစ်သောင်း ပတ်ချာလည်ရတယ်။ အိမ်မှာ မိသားစုက ၅ ယောက်ရှိတယ်။ ကျောင်းနေနေတဲ့ ကလေးနှစ်ယောက်ရယ်၊ နောက် ကျွန်တော့ယောက္ခမရယ်။ အခုလက်ရှိ တက်နေတဲ့ကုန်ဈေးနှုန်းနဲ့က မနည်းရုန်းကန်နေရတဲ့ အနေအထားပေါ့။ ဟိုတလောက သားအငယ်ကောင်လေး တုပ်ကွေးဖြစ်လို့ မနည်းကုထားရသေးတယ်။ ကျန်းမာရေးက မဖြစ်ရင်ကောင်းတယ်၊ ဖြစ်ရင် လက်ထဲပိုက်ဆံအပို စု‌ထားဆောင်းတာတာမျိုးမရှိဘူး။ သူများဆီအတိုးနဲ့ ချေးငှားရတယ်။ အရင် ကိုဗစ်ကာလတွေတုန်းကတော့ အိမ်ရှင်တွေက အိမ်ငှားခတွေကို လျှော့ပေးတာတွေ ရှိခဲ့ပါတယ်။ အခုကျတော့ ကုန်စျေးနှုန်းရော အစစအရာရာက စျေးကို တက်ပြီးရင်း တက်နေတာဆိုတော့ အိမ်ပိုင်ရှင်တွေလည်း မခံနိုင်ကြတော့ဘူးလေ”လို့ မြောက်ဒဂုံမြို့နယ်မှာ လိုင်းခန်းတွဲငှားနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိကာလမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ ထပ်မံ မြင့်တက်နေပြီး ဒီရဲ့အကျိုးဆက်အဖြစ် အိမ်ခန်းနဲ့ အဆောင်ပြုပြင်ထိန်းသိမ်းခတွေ ‌ဈေးပိုကြီးလာသလို တခြားအသုံးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် အရင်ကထက်ပိုပြီး ခက်ခဲလာရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အိမ်ငှားရမ်းခဈေးနူန်းမြင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW