ကိုရီးယားရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စက်တင်ဘာ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းမယ်လို့ သိရ

ဩဂုတ် ၂၉-၂၀၂၃
SN (VOM)

တောင်ကိုရီးယားရောက် မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို လာမယ့် စက်တင်ဘာလ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းမယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့စက် ရေရှည်မှာ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်‌နေတာကြောင့် အခုလို ယာယီရပ်နားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

သက်တမ်းတိုးခြင်းနဲ့ပတ်သက်လို့ ပြန်လည်လက်ခံမယ့်ရက်ကို ထပ်မံအသိပေး အကြောင်းကြားသွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားပြီးသူတွေရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အသစ်တွေကိုတော့ သတ်မှတ်ထားတဲ့နေ့အတိုင်း ဆက်လက် ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“စက်ကလည်း ပျက် ပျက်နိုင်လွန်းတယ်။ ပြီးတော့ ဘယ်လောက်ကြာမယ်လည်း မကြေညာထားတော့ အရေးပေါ် သက်တမ်းတိုးမယ့်သူတွေက အခက်အခဲ ဖြစ်တာပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်ကျခံ၊ အချိန်ကုန်ခံပြီး လုပ်နေတာတောင်မှ အဆင်မပြေဘူး”လို့ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တောင်ကိုရီးယားရှိ မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးလို့ အသစ်လျှောက်ထားမှုအတွက် ဒဏ်ကြေးကို တိုးမြှင့်ခဲ့ပါသေးတယ်။

အရင်က ဒဏ်ကြေး ၇၅ ဒေါ်လာနဲ့ စာအုပ်တန်ဖိုး ဝမ် ၄၈,၀၀၀ ကောက်ခံရာကနေ စာအုပ်တန်ဖိုး မပြောင်းလဲဘဲ ဒဏ်ကြေးကို ၁၀၅ ဒေါ်လာ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employment Permit System-EPS) နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးနဲ့ ကျောင်းတက်သူ၊ စီးပွားရေးလုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmtanmar #VOM #မြန်မာနိုင်ငံကူးလက်မှတ် #ကိုရီးယား #ယာယီရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW