မူဆယ်မြို့က တပ်နဲ့ KIA,TNLAတို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

ဩဂုတ် ၂၉၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ခိုမုန်းရွာရဲ့ အနောက်ဘက် တကြောမှာ မနေ့ ဩဂုတ် ၂၈ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ တပ်နဲ့ KIA, TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး လွယ်တိန်ခမ်း ဘုရားကုန်းမှာ လက်နက်ကြီးကျကာ အဆောက်အဦအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

“ဟုတ်တယ်။ ခိုမုန်းရွာရဲ့ အနောက်ဘက် တကြော၊ ခိုမုန်းနဲ့ နမ့်အွမ်ကြား၊ အနောက်ဘက် တောင်ကြော ဘတ်နွယ်ကနေ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ တပ်အဖွဲ့နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၉ အဖွဲ့တို့ စောင့်နေတဲ့ လွယ်ဖောင်းမှာ ပေါ်လာလို့ မနေ့ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၁၂ နာရီကျော် ခန့်ကစ ၁ နာရီခန့်အထိ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်၊ တိုက်ပွဲအတွင်း နမ့်ဖတ်ကာကနေ လက်နက်ကြီး ၁၀ ကြိမ်ခန့် ပစ်ခတ်တယ်”လို့ ဒေသခံ(၁)ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ‌နေရာမှ ဒေသခံ ၁ ဦးကလည်း “မနေ့က ၃ နေရာ တိုက်ပွဲ ဖြစ်တယ်။ KIA နဲ့။ မနက်ပိုင်းတော့ TNLA နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း တနေကုန် လက်နက်ကြီးသံ ကြားနေတယ်၊ ခိုမုန်းရွာ အနီးမှာ တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ တပ်ရင်း ၉၊ ခိုမုန်းရွာအနီးဘက် နဲ့ နမ့်အွမ်ရွာအနီးတို့မှာ တပ်နဲ့ KIA တို့ ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။

တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက TNLA တပ်မဟာ ၁ နယ်မြေ ခိုမုန်းရွာအနီး ဘက် ထိုးစစ်ဆင်လာလို့ မနေ့ ဩဂုတ် ၂၈ ရက် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီခွဲခန့် အထိ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီထုတ်ပကန်ချက်မှာ နမ့်ဖတ်ကာ ၁၂၃ တပ်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးတွေ ၈ ကြိမ်ထက်နည်း ပစ်ကူခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

မူဆယ် နဲ့ နမ့်ခမ်းကြား၊ ဇယ်လန့်ရွာအနီးရှိ လွယ်တေးမိန်း ဘုရားကုန်းပေါ်ဘက် နမ့်ဖတ်ကာ၊ ၁၀၅ မိုင် တို့ဘက်မှ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

“ကြားလား၊ လက်နက်ကြီးသံ။ အခုပစ်နေတာ” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

ဇယ်လန့် ဒေသခံ ၁ ဦးကလည်း “အရင်တလောက TNLA ဘက်က သိမ်းသွားတဲ့ စခန်းဘက်ကို စစ်တပ်ဘက်က မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ တို့ဘက်ကနေ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတဲ့အပြင် နမ့်ဖတ်ကာ ၁၂၃ တပ်နဲ့ ၁၀၅ မိုင်တပ်တို့ကနေ လက်နက်ကြီးနဲ့ ပစ်ထည့်နေတယ်လို့ သိရတယ် ၊ရွာထိခိုက်မှုတော့ မရှိပါဘူး။ တောင်ထိပ်စေတီမှာတော့ ပျက်စီးသွားတာ ရှိပါတယ်။ စေတီတော့ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းပျက်စီးသွားတာ။” လို့ ရှင်းပြပါတယ်။

အဲဒီ ဘုရားကုန်းနဲ့နီးတဲ့ ရွာခံအချို့ကတော့ ဘေးလွတ်ရာ တိမ်းရှောင်ရပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစ တိုက်ပွဲဖြစ်လာတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရ ခက်ခဲနေတယ်လို့ သူက ထပ်ရှင်းပြပါတယ်။

တပ်နဲ့ TNLA တို့အကြား ဩဂုတ် ၁ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ခဲ့ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအရ သိရပါတယ်။

Photo Crd – TNLA သတင်းနဲ့ပြန်ကြားရေးဌာန
#voiceofmtanmar #VOM #မူဆယ် #တိုက်ပွဲအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW