ကန့်ဘလူမြို့နယ်ထဲမှာ လူ ၆ ယောက် သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင် ၊ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲမှာ မနေ့ သြဂုတ် ၃၁ ရက်က ဒေသခံ လူ ၆ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပစ်သတ်ခံရလို့ သေဆုံးတာ ၆ ဦးတွေ့ရတယ် ၊ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ သေဆုံးသူတွေကတော့ ဆီဆုံရွာက ကိုနိုင်ဝင်း ၃၇ နှစ်၊ ရွာသစ်ရွာက ကိုမောင်လွင် ၄၉ နှစ်၊ ကိုထွန်းအောင် ၅၄ နှစ် ၊ အင်တောရွာက ဦးကံထွန်း ၆၀ နှစ်၊‌ဖလံချိုင်ရွာက ကိုကောင်းမြတ်၂၅ နှစ်၊ ရင်ခတ်ကုန်းရွာက မောင်ရဲမင်း(၁၉)နှစ်တို့ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲ့ဒီ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ဘက်မှာ အရင်နေ့ကတည်းစပြီး နယ်မြေရှင်းလင်းနေတာတော့ရှိတယ် ၊ လူ ၆ ယောက်ထက်မနည်း ပစ်သတ်ခံရတယ်လို့ ကနဦး ကြားရတယ် ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ပြောပါတယ်။

ကန့်ဘလူမြို့ခံ တယောက်ကလည်း ” ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ညပိုင်းကလည်း ဇီးကုန်းတိုက်နယ် ၊ ငါးမြောင်ကျေးရွာမှာ အိပ်ပျော်နေတဲ့ မိသားစု အသတ်ခံရလို့ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သေးတယ် ၊ ဒါ့အပြင် ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှုတခု ဖြစ်ပွားခဲ့တယ် ၊ ဒီ ၁ လ အတွင်း ကန့်ဘလူမြို့နယ်မှာ ၅ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်နဲ့ အခု ၆ လောင်း အသတ်ခံရတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာဘက်မှာလည်း ဒေသခံ ၁၂ ယောက် အသတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmtanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW