ရေစကြို – ပခုက္ကူကားလမ်းမှာ ကား(၁)စီး ပစ်ခတ်ခံရလို့ လူ ၅ ဦး သေဆုံး

စက်တင်ဘာ ၁ -၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ရေစကြို – ပခုက္ကူကားလမ်းပေါ်မှာ မနေ့ သြဂုတ် ၃၁ ရက် ညနေပိုင်းက ကား တစ်စီး ပစ်ခတ်ခံရပြီး ယာဥ်ပေါ်ပါ လူ ၅ ဦးစလုံး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက မနေ့က ညနေ ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ရေစကြိုနဲ့ ပခုက္ကူကြား လမ်းပေါ်မှာ ဖြစ်တယ် ၊ သေဆုံးသူက အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ သူတို့ ၅ ယောက်စလုံး ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ” ရေစကြိုမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ လက်ပန်ကိုင်း အ.မ.က ကျောင်းဆောင်သစ် ဆောက်လုပ်နေတဲ့ အဆောက်အဦကို သွားရောက်စစ်ဆေးပြီး ပခုက္ကူကို ပြန်အလာ လမ်းမှာ ချောင်းမြောင်း အပစ်ခံရတာပါ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် မြန်မာလျှံလင်းအောင်ကုမ္ပဏီနဲ့ ရဲရင့်အားမာန် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မအေးအေးအောင် အပါအဝင် မခိုင်နွယ်လင်း နဲ့ စုံစမ်းဆဲ အမျိုးသား ၃ ဦးနဲ့ဆို၊ အားလုံး ၅ ယောက်သေတယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လ သြဂုတ် ၂၅ ရက် မနက်ပိုင်းကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ် ၆ ယောက် ပစ်သတ်ခံရပြီး သေနတ် ၅ လက်နဲ့ ကျည်ဆံတွေ ပါသွားတာဖြစ်ခဲ့ပါသေးတယ်။

Photo – ပရဟိတသမားတဦး (ရေစကြို)
#voiceofmtanmar #VOM #ရေစကြို

Related posts

Leave a Comment

VOM News

FREE
VIEW