VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

-စက်ရုပ်ပိုင်းလော့ရဲ့ လေယာဉ်မောင်းစွမ်းရည်က ဘယ်လိုတွေလဲ
– နေကိုလေ့လာမယ့် အိန္ဒိယအာကာသအေဂျင်စီရဲ့အစီအစဉ်တွေကဘာတွေလဲ
-အာကာသခရီးသွားပို့ဆောင်ရေး ခြေလှမ်းသွက်နေတဲ့ ဗာဂျင်ဂလက်တစ်

မျိုးဆက်(VOM)
စက်တင်ဘာ-၁-၂၀၂၃

(၁) လေယာဉ်ကျွမ်းကျင်စွာမောင်းတတ်တဲ့ စက်ရုပ်ပိုင်းလော့ တီထွင်

တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာ အဆင့်မြင့်အင်စတီကျုဟာ လေယာဉ်တစင်းကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပိုင်းလော့ကို တီထွင်လိုက်ပါတယ်။

Pibot လို့အမည်ပေးထားတဲ့ စက်ရုပ်ဟာ လေယာဉ်မှူးအခန်းကို ဘာမှကြိုတင်ပြင်ဆင်မထားဘဲ သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်ပြီး တိကျမှု၊ ပျံသန်းမှုထိန်းချုပ်နိုင်တဲ့အပြင် ထိန်းချုပ်မောင်းနှင်နေစဉ်အတွင်း လေယာဉ်အတွင်းနဲ့အပြင်ပိုင်းတွေအခြေအနေကို စောင့်ကြည့်ဖို့ ကင်မရာမျက်လုံးတွေပါ တပ်ဆင်ပေးထားတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒီစက်ရုပ်ဟာ လူသားလေယာဉ်မှူးအတိုင်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ဖြစ်ပြီး လူသားလေယာဉ်မှူးတွေမလုပ်နိုင်သေးတဲ့ ကမ္ဘာတဝန်းရှိ လေကြောင်းလမ်းညွှန် ဇယားအားလုံးကိုလည်း မှတ်ဉာဏ်ထဲမှာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

စက်ရုပ်တွေကို လေယာဉ်အမျိုးအစားအလိုက်ဖွဲ့စည်းပုံတွေကို ပရိုဂရမ်ထည့်သွင်းပေးထားမယ်ဆိုရင် လေယာဉ်အမျိုးအစားကို ရွေးချယ်လိုက်တာနဲ့ မောင်းနှင်ပျံသန်းနိုင်မှာဖြစ်ပြီး ChatGPT လို ဉာဏ်ရည်တုပါဝင်တာကြောင့် လူသားတဦးလို ညွှန်ကြားချက်တွေကို နားလည်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

တောင်ကိုရီးယားသုတေသီတွေဟာ ၂၀၁၆ ခုနှစ်က ရှေ့ပြေးစက်ရုပ်ကို တီထွင်ခဲ့ကြပေမယ့် ဉာဏ်ရည်တုနည်းပညာ ကောင်းစွာမထွန်းကားချိန်ဖြစ်တာကြောင့် ရိုးရှင်းတဲ့စက်ရုပ်အဖြစ်သာရှိနေခဲ့ပြီး ChatGPT လိုနည်းပညာတွေကြောင့် ညွှန်ကြားချက် သို့မဟုတ် ဘာသာစကားတွေကို ဖတ်ရှုနားလည်နိုင်တဲ့ထိ အဆင့်မြင့်စက်ရုပ်ဖြစ်လာခဲ့ကြောင်း သုတေသီက ထုတ်ဖော်ပြောဆိုပါတယ်။

(၂) နေ လေ့လာရေးမစ်ရှင် စေလွှတ်ဦးမယ့် အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ဆုံးဆင်းသက်နိုင်ခဲ့ပြီးနောက် လာမယ့် စက်တင်ဘာ ၂ ရက်မှာ နေလေ့လာရေးမစ်ရှင် စေလွှတ်သွားမှာဖြစ်ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။

Aditya-L1 လို့အမည်ပေးထားတဲ့ စူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ နေမှာရှိတဲ့ ဓါတ်ရောင်ခြည်တွေ၊ နေကိုလွှမ်းခြုံထားတဲ့ ဓါတ်ငွေ့တွေ မုန်တိုင်းတွေနဲ့ ကမ္ဘာမြေအတွက် အနှောက်အယှက်ဖြစ်စေတဲ့ ရောင်ခြည်တွေကို စူးစမ်းလေ့လာသွားမှာလို့ ဆိုပါတယ်။

စူးစမ်းလေ့လာရေးယာဉ်ကို ဆရီဟာရီကိုတာမှာရှိတဲ့ အဓိကလွှတ်တင်ရေးစခန်းကနေ လွှတ်တင်သွားမှာဖြစ်ပြီး နေကို စူးစမ်းလေ့လာမယ့်နေရာရောက်ရှိဖို့ မိုင်ပေါင်း ကိုးသိန်းသုံးသောင်းကျော် ခရီးနှင်ရမှာဖြစ်ပြီး အချိန်လေးလကြာမြင့်မယ်လို့ အိန္ဒိယအာကာသအေဂျင်စီက ပြောပါတယ်။

အာကာသယာဉ်ဟာ နေကိုနေကိုစဉ်ဆက်မပြတ် ပြတ်သားစွာလေ့လာနိုင်မယ့် ကမ္ဘာနဲ့နေအကြား ပတ်လမ်းကြောင်းမှာ နေရာချထားမှာဖြစ်ပါတယ်။ နာဆာနဲ့ ဥရောပအာကာသအေဂျင်စီတို့ဟာ နေကိုစူးစမ်းလေ့လာတဲ့မစ်ရှင်တွေ စေလွှတ်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အိန္ဒိယအာကာသအေဂျင်စီဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း လကမ္ဘာပေါ်ကို နောက်ထပ်အာကာသယာဉ်စေလွှတ်ဖို့နဲ့ သောကြာဂြိုဟ်လေ့လာရေးမစ်ရှင်စေလွှတ်ဖို့ကိုလည်း ဂျပန်အာကာသအေဂျင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

(၃) တတိယမြောက် အာကာသခရီးပို့ဆောင်ပေးဖို့ ဗာဂျင်ဂလက်တစ်ကုမ္ပဏီ စီစဉ်

အာကာသနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီဟာ သူ့ရဲ့ တတိယမြောက် အာကာသခရီးသွားပို့ဆောင်ပေးတဲ့ခရီးစဉ်ကို လာမယ့်စက်တင်ဘာ ၈ ရက်မှာ ပြုလုပ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ကလက်တစ်-၃ လို့အမည်ပေးထားတဲ့ အဲဒီခရီးစဉ်မှာတော့ အာကာသခရီးသွားသုံးဦးကို ခေါ်ဆောင်သွားမှာဖြစ်ပြီး စီးပွားဖြစ်ခရီးစဉ်တွေအပြင် အနာဂတ်မှာ အာကာသထဲပျံသန်းမှုတွေကို ပိုမိုလွယ်ကူလာစေဖို့ ရည်ရွယ်ထားကြောင်း ကုမ္ပဏီတည်ထောင်သူ ရစ်ချက်ဘရန်ဆန်က ပြောပါတယ်။

လိုက်ပါမယ့် အာကာသခရီးသွားတွေရဲ့ အမည်ကိုတော့ ဗာဂျင်ကလက်တစ်က ထုတ်ပြန်ခြင်းမရှိပေမယ့် သူတို့ဟာ ၂၀၀၅ ခုနှစ်ကတည်းက အာကာသခရီးသွားဖို့ ကြိုတင်လက်မှတ်ဝယ်ယူထားတယ်လို့ ကုမ္ပဏီက ထုြတ်ပန်ထားပါတယ်။

အာကာသခရီးသွားဖို့အတွက် လက်မှတ်ခကတော့ တယောက်ကို ဒေါ်လာ လေးသိန်းငါးသောင်းကျသင့်မှာဖြစ်ပြီး ခရီးသွားတွေဟာ အာကာသမြင်ကွင်းတွေအပြင် ဒြပ်ဆွဲအားမဲ့အခြေအနေကို တွေ့ကြုံခံစားနိုင်မှာဖြစ်ပါတယ်။

စီးပွားဖြစ်အာကာသခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဗာဂျင်ကလက်တစ်အပြင် ဘလူးအော်ရီဂျင်နဲ့ စပေ့အိတ်စ်တို့လို အာကာသနည်းပညာကုမ္ပဏီကြီးတွေကလည်း အပြိုင်အဆိုင်လုပ်ဆောင်နေတာကြောင့် များမကြာမီနှစ်တွေအတွင်း အာကာသခရီးသွားလုပ်ငန်း တွင်ကျယ်လာဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:IE/CNBC
#voiceofmyanmar #VOM #technology #science #September1

Related posts

Leave a Comment

VOM News

FREE
VIEW