ယူကရိန်းစစ်ပွဲကြောင့် မြောက်ကိုရီးယား-ရုရှား စစ်ဘက်ဆက်ဆံရေး ပိုမိုနီးကပ်စေသလား

မျိုးဆက်(VOM)
စက်တင်ဘာ-၅-၂၀၂၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုလအတွင်း ရုရှားကို သွားရောက်ဖို့စီစဉ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့အကြား လက်နက်ဆိုင်ရာ အရောင်းအဝယ်ကိစ္စတွေ ဆွေးနွေးမှုအရှိန်မြှင့်နေကာ မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့နိုင်ခြေကို ပူတင်နဲ့ ကင်ဂျုံအန် တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေကဖော်ပြလာပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ လက်နက်ခဲယမ်းမီးကျောက်တွေရရှိရေးကို အလွန်စိတ်အား ထက်သန်နေပြီး ဒီကိစ္စကိုသိထားတဲ့ မြောက်ကိုရီးယားကလည်း ဈေးကောင်းရဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ဖူးတဲ့ ဂျွန်အဲဗားရက်က ဆိုပါတယ်။

ဒီကိစ္စအပေါ်မှာ မြောက်ကိုရီးယားဘက်က ဘယ်လိုအပေးအယူနဲ့ လက်နက်တွေ ရုရှားကိုထောက်ပံ့ပေး မလည်းဆိုတာကို အမေရိကန်အပါအဝင် ယူကရိန်းမဟာမိတ် အနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်တွေထောက်ပံ့နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှှိုဂူဟာ မြောက်ကိုရီးယားသို့ မကြာသေးမီက လာရောက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ရုရှားကိုရောင်းချဖို့ မြောက်ကိုရီးယားကို စည်းရုံးဆွဲဆောင်ခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောဆိုထားပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံနယ်စပ်တွေပိတ်ထားပြီးနောက်ပိုင်း ရုရှားကာကွယ်ရေးဝန်ကြီးကို ကင်ဂျုံအန်က ပထမဆုံးအကြိမ်လက်ခံတွေ့ဆုံခဲ့တာလည်းဖြစ်ပြီး ပြသခဲ့တဲ့ မြောက်ကိုရီးယား လက်နက်တွေထဲမှာ ဟွာဆောင်အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်တွေလည်း ပါဝင်နေကာ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုရင် အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာအပါအဝင် အရေးယူမှုတွေကို ချက်ချင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒီဆွေးနွေးညှိနှိုင်းမှုတွေကို အဆုံးသတ်လိုက်ဖို့ တိုက်တွန်းကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက သတိပေးထားပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးနီးကပ်လာမှုရဲ့ နောက်ထပ်အရိပ်လက္ခဏာတခုကတော့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ မြောက်ကိုရီးယား၊ တရုတ်တို့နဲ့အတူ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ကိုလည်း အဆိုပြုထားပြီး ဒီကိစ္စအပေါ် တောင်ကိုရီးယား၊ ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ပေမယ့် အိမ်နီးချင်း မဟာမိတ်တွေဖြစ်တဲ့ ရုရှား၊ တရုတ်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကတော့ ရှားရှားပါးပါးနည်းပါးဖြစ်ပါတယ်။

ပိုမိုစိုးရိမ်စရာကောင်းတာကတော့ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်အစီအစဉ် ပိုမိုအောင်မြင်မှုတွေရရှိရေး ကူညီပေးဖို့အတွက် အဆင့်မြင့်လက်နက်နည်းပညာ သို့မဟုတ် အသိပညာတွေပေးဖို့ ရုရှားသမ္မတပူတင်ကို တောင်းဆိုနိုင်ခြေဖြစ်ကြောင်း နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်မှုအဖြစ် စောင့်ကြည့်လေ့လာသူတွေက ယူဆထားကြပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ရုရှားဟာ လက်နက်လိုအပ်နေပြီး ဒဏ်ခတ်ပိတ်ဆို့တွေကြားက မြောက်ကိုရီးယားကတော့ ငွေကြေးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် နှစ်နိုင်ငံအကြား လက်နက်အရောင်းအဝယ် ဖြစ်လာနိုင်ခြေရှိတယ်လို့ အကဲခတ်တွေက ဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် အမြောက်ကျည်တွေ၊ တင့်ကားဒုံးကျည်တွေအပါအဝင် လက်နက်တွေကို မြောက်ကိုရီးယားနဲ့မဝေးလှတဲ့ ရုရှားအရှေ့ဘက်ကမ်းရိုးတန်း ဗလာဒီဗော့စတော့ဗ်မြို့ကို ပေးပို့နိုင်ဖို့နဲ့ အပြန်အလှန်အားဖြင့် ရုရှားရဲ့ အဆင့်မြင့်ဂြိုဟ်တုနည်းပညာတွေ၊ နျူကလီးယားစွမ်းအင်သုံးရေငုပ် သင်္ဘောနည်းပညာတွေအတွက် အလဲအထပ်လုပ်နိုင်ဖို့အတွက်လည်း ကင်ဂျုံအန်နဲ့ ပူတင်ဆွေးနွေးဖွယ်ရှိတယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်နဲ့ စီဘီအက်စ် သတင်းဌာနတို့က ဖော်ပြလာပါတယ်။

သူတို့နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှုကိုလည်း ဗလာဒီဗော့စတော့ဗ်မြို့မှာ ကျင်းပနိုင်ခြေရှိကြောင်း သတင်းတွေထွက်ပေါ်နေပြီး မြောက်ကိုရီးယားတာဝန်ရှိသူအဖွဲ့တဖွဲ့ဟာ ဗလာဒီဗော့စတော့ဗ်နဲ့ မော်စကိုတို့ကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ကြပြီး ဒါဟာ ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရှုမြင်နေကြပါတယ်။

ရုရှားအနေနဲ့ စစ်အေးခေတ်မဟာမိတ် မြောက်ကိုရီးယားနဲ့ အပြန်အလှန်လေးစာသမှုရှိစွာ ဆက်ဆံရေးနက်ရှိုင်းအောင်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့စစ်ပန်းလာမှု ၊ လက်နက်အင်အားလျော့ပါးလာမှုတွေနဲ့အတူ မြောက်ကိုရီးယား-ရုရှား စစ်ဘက်ဆက်ဆံရေး ယခင်ကထက် ပိုမိုနီးကပ်လာတဲ့ အရိပ်လက္ခဏာတွေကတော့ ထင်သာမြင်သာ တိုးလို့လာနေပါတော့တယ်။

Ref:AFP/Reuters
Photo: Reuters

#voiceofmyanmar #VOM #ယူကရိန်းစစ်ပွဲ #မြောက်ကိုရီးယား #ရုရှား #စစ်ဘက်ဆက်ဆံရေး

Related posts

Leave a Comment

VOM News

FREE
VIEW