ရွေးကောက်ပွဲ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော

စက်တင်ဘာ ၆ – ၂၀၂၃
SN (VOM)

လက်ရှိမှာ နစက က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ဘယ်အချိန်၊ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

“နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ တရားဝင်ပြောတဲ့သဘောဖြစ်တယ်။ သို့သော် ဒါ ဘယ်ကာလမှာ ဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ ဒီလိုပဲ စဉ်းစားရမှာပဲ။ ရွေးကောက်ပွဲက လုပ်လိုက်ပြီးတော့ ပြည်သူရဲ့ဆန္ဒအမှန် ထွက်မလာဘူးဆိုရင် ဒီရွေးကောက်ပွဲက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကြိမ်းသေတာကတော့ အကြီးအကဲတွေက ကတိကဝတ်ပေးထားတယ်။ ကာလအတိုင်းအတာကတော့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်” လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

မူလက ရှေ့နှစ် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နစက က ထုတ်ဖော် ပြောဆိုထားပေမယ့် လိုအပ်တဲ့ပြင်ဆင်မှုတွေ အရင်လုပ်ဆောင်မှာဖြစ်ကာ ရှေ့နှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီ့လို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေး (၃/၂၀၂၃) မှာ ပြောဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက “ရွေးကောက်ပွဲက နိုင်ငံရဲ့တခုတည်းသော ထွက်ပေါက်တော့မဟုတ်ဘူး။ သို့သော်လည်းပဲ ဒီအခက်အခဲတွေ ဖြေရှင်းဖို့အတွက်ကတော့ ရွေးကောက်ပွဲသည်လည်း one of the solution ဖြေရှင်းချက်တခုဖြစ်တယ်။ ရွေးကောက်ပွဲဟာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ် ဖြစ်ထွန်းပေါ်ပေါက်အောင် ပြုလုပ်တဲ့သဘောမျိုးဖြစ်တာကြောင့် one of the solution ဆိုတာ မှန်တယ်။ ဒါပေမယ့် အခြားသောကိစ္စတွေက ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးတော့ အခုက စီးပွားရေးကဏ္ဍနဲ့ပတ်သက်လို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့လိုမလား၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ဆွေးနွေးဖို့လိုမလား၊ အဲ့ဒီလိုအချက်တွေကို ဆွေးနွေးဖို့လိုတယ်၊ ဒီလိုယူဆတယ်။ ရွေးကောက်ပွဲကို အခြေအနေမပေးနိုင်သေးဘဲနဲ့ ဗြူးဗြဲနဲ့လုပ်လိုက်တယ်ဆိုရင် ဒီအဖြေက ပြီးဆုံးတဲ့အဖြေ ဖြစ်နိုင်မယ်လို့ ယူဆသလား၊ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ၃၆ ပါတီကို ခွင့်ပြုထားပြီး အဲ့ဒီ့ပါတီတွေကို အီလက်ထရာနစ်မဲပေးစက်အကြောင်း မနေ့ စက်တင်ဘာ ၅ ရက်မှာ အခမ်းအနားနဲ့ မိတ်ဆက်ပြသခဲ့ပေမယ့် ရွေးကောက်ပွဲကို ဘယ်နေ့၊ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့ ပတ်သက်လို့ ရွေး/ကော်ဥက္ကဋ္ဌ ဦးသိန်းစိုး အနေနဲ့လည်း အတိအကျ ပြောဆိုနိုင်ခြင်းမရှိဘဲ “ကြေညာချက်ထွက်လာလိမ့်မယ်”လို့သာ ပြောပါတယ်။

#voiceofmtanmar #VOM #ရွေးကောက်ပွဲကဏ္ဍ #ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW