ကမမောင်းမြို့က ထွေ/အုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး

စက်တင်ဘာ ၇ ၊ ၂၀၂၃
SP( VOM)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲအချိန်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်လို့ လူ ၁ ဦးသေဆုံးတယ်လို့ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဖြစ်စဥ်က ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အစည်းဝေးလုပ်နေတဲ့ အမှတ် ၄ ရပ်ကွက် အထွေထွေအုပ်အချုပ်ရေးရုံးပေါ်ကို Drop Bomb ဗုံး ၃ လုံးပြုတ်ကျ ပေါက်ကွဲတယ် ၊ရုံးရဲ့အရှေ့ မျက်နှာစာ ၁ လုံး၊ အလံတိုင်ရှေ့တည့်တည့်မှာ ၁လုံး၊ ရုံးနားမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်၊ ဗုံး ၃ လုံး ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဆိုသူ နေရာမှာတင် ဗုံးစထိမှန် သေဆုံးသွားတယ် “လို့ ကမမောင်းမြို့နယ် ထွေ/အုပ် ဝန်ထမ်းတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၃ ရက် ညပိုင်းကလည်း ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီမြို့ ၊ မြဝတီခရိုင်ရဲစခန်းမှာ အစည်းအဝေးပြုလုပ်နေချိန် ပေါက်ကွဲမှုဖြစ်လို့ လူ ၅ ဦးသေဆုံးပြီး ၊ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

၂၀၂၃ခုနှစ် ၉ လအတွင်း ကရင်ပြည်နယ်ထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ Drop Bomb ဗုံးထိမှန်လို့ သေဆုံးရတာ ၇ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #ကမမောင်းမြို့ #ထွေအုပ်ရုံးပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW