စက်တင်ဘာ ၂၀၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ တပ်နဲ့ TNLA တို့အကြား စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀ ကျော် တိုက်ပွဲရှောင်နေရပြီး သောက်သုံးရေ ခက်ခဲနေတယ်လို့ အကူအညီ ပေးနေသူတွေဆီက သိရပါတယ်။
“စစ်ရှောင်က ၃၀၀ ကျော်လောက်ရှိမယ်ဗျ၊ တိုက်ပွဲဖြစ်ရာ အနီးတဝိုက်က ရွာတွေ ၄/၅ ရွာ တိမ်းရှောင်ကြရပြီး လက်ရှိတော့ တုန်ခွမ်ရွာက နမ့်စန့်ဂိုဒေါင် လူငယ်ဇရပ်မှာ ရှောင်လာတဲ့သူတွေရဲ့စာရင်းပဲ သိပြီး တခြား ဆွေမျိုးအိမ်တွေ၊ နမ့်ခမ်းဘက်၊ ကောင်းတပ်ရွာဘက်တွေမှာ ရှောင်တဲ့သူတွေလည်း ရှိတယ်”လို့ လက်ဖက်ညွှန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက “ရေ ဗျ။ အဓိက သောက်ရေ၊ ဆန်နဲ့ မိုးကာ ကတော့ ရှိထားပြီဖြစ်တာကြောင့် တခြား လိုအပ်တာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါး၊ ဟင်းချက်စရာတွေ နဲ့ အခင်းတွေလည်း လိုအပ်နေတယ်”လို့ ပြောပါတယ်။
အရပ်ဖက် အဖွဲ့အစည်းတခုရဲ့တာဝန်ရှိ အမျိုးသမီး ၁ ဦးကလည်း “ဇယ်လန့် ရပ်ကွက်သစ် တရုတ်ရွာကလည်း ရှောင်ကြတယ်၊မူဆယ်မြို့ပေါ် က စစ်ရှောင်မိသားစု ၂၃ စု၊ လူဦးရေ ၇၀ ခန့်ရှိပြီး တချို့ ရှောင်တိမ်းကြပေမယ့် ကူညီပေးတဲ့ အဖွဲ့ အစည်းနဲ့ အချိတ်အဆက် မရဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ကစ မူဆယ်မြို့၊ စွမ်စော်ကနေ ဇယ်လန့်အနီးက လွိုင်တေးမိန်း စေတီဘက်မှာ တပ်နဲ့ TNLA တို့ ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo Crd – လူမှုကူညီရေးသင်း
#voiceofmyanmar #VOM #မူဆယ်