မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ကုန်သွယ်ရေးစခန်းများမှ တပတ်အတွင်း ကုန်သွယ်မှု အခြေအနေ

စက်တင်ဘာ ၂၃- ၂၀၂၃
Shy V(VOM)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၁ ရက်နေ့ ကနေ ၁၇ နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၇.၅၈၀) သန်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဇုန်က သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရာဘာ၊ ငါးရှဉ့်၊ ကျောက်စိမ်း၊ ခဲသွပ်အရော သတ္တု၊ ဆန်၊ ကဏန်း၊ ပြောင်း၊ ဆန်ကွဲ၊ သကာရည်၊ ကြေးနီ စတဲ့ ပို့ကုန် ပစ္စည်းတွေကို အဓိကထား တင်ပို့ခဲ့ပြီး ဒီတပတ်အတွင်း ကုန်သွယ်မှုပမာဏ အများဆုံး ပို့ကုန်ပစ္စည်းမှာ ရာဘာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကထား တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေ ကတော့ ယာဉ်နဲ့ ယာဉ်ယန္တရားများ၊ သွပ်လိပ်၊ ကားတာယာ၊ ဘက္ထရီများ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ဆိုလာပြား၊ ကော်စေ့၊ သံဘောင်များ၊ စတီးပိုက် တွေဖြစ်ပြီး ကုန်သွယ်မှုပမာဏ အများဆုံး သွင်းကုန်ပစ္စည်းမှာ ယာဉ်နဲ့ ယာဉ်ယန္တရားတွေ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်း အများဆုံး တင်ပို့ခဲ့တဲ့ ပစ္စည်းတွေရဲ့ တစ်တန် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာနဲ့ ရာဘာ (၁၁၉၃.၈၈၅)နှုန်း၊ ငါးရှဉ့် (၃၀၀၉.၈၆၂) နှုန်း၊ ကျောက်စိမ်း (၄၂၁၃၉.၃၂၄) နှုန်း၊ ခဲသွပ် အရောသတ္တု (၅၈၃.၁၁၉) နှုန်း၊ ဆန် (၄၄၅.၇၅၅) နှုန်း၊ ကဏန်း (၃၈၁၆.၆၁၃) နှုန်း၊ ပြောင်း (၂၈၁.၀၄၀) နှုန်း၊ ဆန်ကွဲ (၄၀၇.၅၂၁) နှုန်း၊ သကာရည် (၃၁၈.၄၈၆) နှုန်း၊ ကြေးနီ (၂၈၂၈.၁၄၁) နှုန်း ဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် တင်ပို့မယ့် ပို့ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အကြား ထုတ်ပေးတဲ့ အခွန်သက်သာခွင့် Form E ကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှုအတွက် တရုတ်ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာတွေနဲ့ ပေးချေနိုင်ပြီး ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတွေကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးနဲ့ပါ ဆောင်ရွက်ခွင့်ပြုကာ ဆန်၊ ဆန်ကွဲ၊ အခြား လယ်ယာ ထွက်ကုန် ပစ္စည်းတွေနဲ့ ရေထွက်ပစ္စည်းဖြစ်တဲ့ ကဏန်း၊ ငါးရှဉ့်တွေကိုတော့ ယွမ်ငွေနဲ့ ခွင့်ပြုတယ်လို့ သိရပါတယ်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခ တစ်ပိဿာ ၂၀၀ ကျပ်နှုန်း ဖြစ်ပြီး အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ် တပိဿာ ၂၀၀ ကျပ်နှုန်း၊ ကုန်ပွ တပိဿာကို ၂၅၀ ကနေ ၃၀၀ ကျပ် နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။

မူဆယ်မှာ တပတ်အတွင်း ငွေလဲလှယ်နှုန်းကတော့ ယွမ်ပေး ကျပ်ယူ ယွမ် ၁၀၀ ကို ၄၅၅၀၀ ကျပ် ဝန်းကျင်ရှိပါတယ်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေနဲ့ စက်တင်ဘာ ၉ ရက် ကနေ ၁၅ ရက် အထိ တပတ်အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၅.၀၆၄ သန်းနဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃.၅၇၈ လာသန်း ရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၈.၆၄၂ သန်း ရှိကာ ပို့ကုန်ကား ၄၆၀ စီး၊ သွင်းကုန်ကား ၇၃၆ စီး ရှိခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုတစ်ပတ်နဲ့ ယခင်တစ်ပတ် နှိုင်းယှဉ်ရင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၉၇၉)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၄.၁၄၀) သန်း လျော့နည်းခဲ့လို့ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၅.၁၁၉) ဒေါ်လာသန်း လျော့နည်းခဲ့တာကို တွေ့ရပါတယ်။

တစ်ပတ်အတွင်း အများဆုံး ပို့ကုန်မှာ ရာဘာ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပြောင်း၊ မြေထောက်ပဲ၊ ပဲလွန်းဖြူ၊ ဆန်ကွဲ၊ စွန်တာနီ၊ ပဲနီကြား၊ CMP တို့ဖြစ်ပြီး သွင်းကုန်မှာ ချည်ထည်၊ သံနဲ့ သံမဏိ ဆောက်လုပ်ရေးပစ္စည်း၊ လုပ်ငန်းသုံးအခြား ပစ္စည်း အထည်အလိပ်များ၊ လူသုံးကုန် အခြားပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ သားရေတုနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းများ၊ အခြား ရင်းနှီးပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ စက်နဲ့ စက်ပစ္စည်များတို့ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမှ ချင်းရွှေဟော်သို့ အတက် ကုန်ကားခ တပိဿာ ၇၉ ကျပ်၊ အဆင်း ကုန်ကျစ်ကားခ တပိဿာ ၁၇၀ ကျပ်၊ ကုန်ပွ ကားခ တပိဿာ ၁၈၅ ကျပ် ရှိပြီး လယ်ယာထွက်ကုန်များ ရဲ့ တစ်တန် ဈေးနှုန်းမှာ ဆန် ၃၂၀၀ ယွမ်နှုန်း၊ ဆန်ကွဲ ၃၁၀၀ ယွမ်နှုန်း၊ ပဲတီစိမ်း ၅၉၀၀ ယွမ်နှုန်း ၊ မြေထောက်ပဲ ၈၀၀၀ ယွမ်နှုန်း၊ ပဲလွန်းဖြူ ၄၇၀၀ ယွမ်နှုန်း၊ ပြောင်း ၂၃၀၀ ယွမ်နှုန်း ၊ နှမ်း ၁၂၀၀၀ ယွမ်နှုန်း ၊ ရာဘာ ၈၀၀၀ ယွမ်နှုန်း၊ ငရုတ် အစို ၅၀၀၀ ယွမ်နှုန်း၊ ငရုတ် ခြောက် ၉၀၀၀ ယွမ်နှုန်းရှိကြောင်းသိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၉ ရက် ကနေ ၁၅ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၃.၁၆၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၂၅.၁၉၀ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈.၃၅၉ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

အများဆုံး ပို့ကုန်ပစ္စည်း ၅ မျိုးမှာ ကြက်သွန်နီ၊ ချုပ်ပြီးအထည်၊ သတ္တုနဲ့ သတ္တုရိုင်းများ၊ ငရုတ်သီး စိမ်း၊ ကွမ်းသီး တို့ဖြစ်ကြောင်း သိရပါတယ်။

အများဆုံး တင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်း ၅ မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ စက်နဲ့စက်ပစ္စည်းများ၊ ဆပ်ပြာ၊ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၂.၀၆၅ သန်း၊ သွင်းကုန် ၆၄.၇၄၅ သန်း ရှိပြီး ကုန်သွယ်မှု ပမာဏ ၇၆.၈၁၀ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြင်ပငွေလဲနှုန်းအနေနဲ့ အရင် အပတ်က တဘတ် ၉၆.၁၅ ကျပ်ရှိပြီး အခုအပတ်မှာ ၉၇.၀၉ ကျပ်ဖြစ်လို့ ဘတ်စျေးအနည်းငယ် မြင့်တက်ခဲ့ တာတွေ့ရပါတယ်။

Photo Crd – Thiha
#voiceofmyanmar #VOM #နယ်စပ်ကုန်မှုအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW