ငါန်းဇွန်မြို့နယ်မှာ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံရ အလောင်း၂လောင်း တွေ့

စက်တင်ဘာ ၂၆ -၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ ပေါက်စိမ်းကျေးရွာအုပ်စု ၊ ပေါက်စိမ်းကျေးရွာ ၊ မြို့သာ – မြင်းခြံသွားကားလမ်းပေါ်မှာ ဒီကနေ့ မနက်ပိုင်းက လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က ဖြစ်တာပါ ၊ အသတ်ခံရတဲ့လူတွေက မြင်းခြံမြို့နယ် ၊ နဘူးအိုင်ကျေးရွာမှာနေပြီး မုန့်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ သားအဖ ၂ ယောက်ဖြစ်တယ် ၊ သူတို့ကို လက်နောက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ထားတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရတဲ့သူတွေက မြင်းခြံမြို့နယ် ၊ နဘူးအိုင်ရွာမှာနေတဲ့ သာမန်ပြည်သူတွေဖြစ်တယ် ၊ မုန့်တီလုပ်ငန်း လုပ်ကိုင်ကြသူတွေဖြစ်တယ် ၊ ဖခင်ဖြစ်သူက ဦးမောင်လှ ၅၇ နှစ်နဲ့ သူ့သား ဦးသိန်းဝေဦး ၃၈ နှစ်တယ် ၊ အဲ့ဒီ သားအဖ ၂ ယောက်ကို နေအိမ်ကနေ အခင်းဖြစ်နေရာအထိ အမည်မသိ (စုံစမ်းဆဲ) လူ ၁၀ ယောက်က လက်နောက်ပြန်ကြိုးတုပ် ခေါ်လာပြီး ပစ်သတ်သွားတာဖြစ်တယ် ၊ အမှုဖွင့်အရေးယူထားတယ် “လို့ပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက် ၄ နာရီဝန်းကျင်က နဘဲပင်ကျေးရွာမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးပြီး အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နတ်ကြီးကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို လူသတ်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ငါန်းဇွန်မြို့ခံတယောက် ပြောတာက ” ဒီရက်ပိုင်းအတွင်း အပြန်အလှန် သတ်မှုတွေ တိုးလာတယ် ၊ ရွာခံလူတွေ အသတ်ခံရလို့ စစ်ကြောင်းက ရွာကိုဝင်တယ် ၊ စစ်ကြောင်းဝင်တော့ မသက်ာသူတွေကို ဖမ်းဆီးစစ်ဆေးတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီလို အဖမ်းခံရသူ ၆၀ ကျော်ရှိတယ် ၊ အဲ့ဒီ အဖမ်းခံရသူတွေထဲက တချို့လည်း ပြန်လွတ်လာတယ် ၊ တချို့လည်း သတင်းမရတော့ဘူး ၊ အသတ်ခံရသူတွေလည်း ရှိတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း သားကျင်းကျေးရွားအနီး ငါးဇွန် – ငါးမြားကားလမ်းဘေးမှာ သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရတာကြောင့် စက်တင်ဘာ ၃ ရက်ကနေ ၂၅ ရက်အထိ ငါန်းဇွန်မြို့နယ်ထဲမှာ လူ ၁၀ ယောက်ထက်မနည်း သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW