ဂျမူးနဲ့ကတ်ရှ်မီးယားရှိ ကျေးရွာမှာ လူ ၁၇ ယောက် ထူးဆန်းစွာသေဆုံးမှု စုံစမ်းစစ်ဆေးနေ

ဒေလီ၊ ဇန်နဝါရီ-၂၄-၂၀၂၅
ရတီ(VOM)
အိန္ဒိယအုပ်ချုပ်တဲ့ ဂျမူးနဲ့ကက်ရှ်မီးယားရှိ ကျေးရွာတရွာမှာ လူ ၁၇ ယောက် ထူးဆန်းစွာ သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
ကလေး ၁၂ ယောက်အပါအဝင် လူသေဆုံးမှုတွေဟာ ရာဂျိုရီခရိုင် ဘတ်ဟယ်လ်ရွာမှာ ဒီဇင်ဘာ ၇ ရက်ကတည်းက ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေဟာ အစာအဆိပ်သင့်သလို ရောဂါလက္ခဏာတွေ အစောပိုင်းမှာ ပြသခဲ့ပေမယ့် ရုတ်တရက် သတိလစ်သွားခဲ့ကြတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ရွာကို ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပေမယ့် ရောဂါကူးစက်ပုံမတွေ့ရဘဲ ကပ်ရောဂါဖြစ်မှာကိုလည်း စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ကလေးလေးယောက်အပါအဝင် ပထမဆုံး လူနာငါးယောက်ဟာ အော့အန်တာနဲ့ဝမ်းပျက်တာအပါအဝင် အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးပြသခဲ့ပြီး အခြားသူတချို့မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက စုံစမ်ါ်စစ်ဆေးဖို့ အမိန့်ထုတ်ထားပြီး ရဲတပ်ဖွဲ့၊ ရောဂါဗေဒ ပညာရှင်တွေနဲ့ အခြားသော အထူးကုဆရာဝန်တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဒေသခံတွေနဲ့ တွေ့ဆုံ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ညစ်ညမ်းသော အစားအစာနဲ့ ရေကို သုံးစွဲမိတာဟာ အဓိကအကြောင်းရင်း ဖြစ်နိုင်ပြီး စမ်းသပ်နမူနာတွေမှာ ပိုးသတ်ဆေးသဲလွန်စတွေ တွေ့ရှိပြီးနောက် ချောင်းရေတွေကို မသောက်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၇ ရက်မှ ၁၉ ကြား သေဆုံးမှုတွေမှာ မိသားစုသုံးခုကဖြစ်ပြီး ကလေးခြောက်ယောက်ဟာ မွေးချင်းတွေဖြစ်ပြီး အသက် ခုနှစ်နှစ်ကနေ ၁၅ နှစ်အရွယ်တွေဖြစ်ကြတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW