စက်တင်ဘာ ၂၉ – ၂၀၂၃
GG (VOM)
ရွှေတိဂုံဘုရားကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ တက်ရာက်ဖူးမြော်ခွင့်အတွက် ဝင်ကြေးကို ၂၀၀၀၀ ကျပ်အဖြစ် တိုးမြှင့်ကောက်ခံမယ်လို့ ရွှေတိဂုံဂေါပကအဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အခုလို ဝင်ကြေးတိုးမြင့်ကောက်ခံမှုကို အောက်တိုဘာ ၁ ရက်မှာ စတင်မှာဖြစ်ကြောင်း ၊ လက်ရှိမှာတော့ နိုင်ငံခြားသားဧည့်သည် (၁)ယောက်ကို ၁၅၀၀၀ ကျပ်သာကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။
” ဟုတ်ပါတယ် ၊ ၂၀၀၀၀အဖြစ် တိုးကောက်မှာပါ။သုံးသပ်ချက်ကတော့ ကျနော်တို့ မပြောချင်ပါဘူး။ပြောပိုင်ခွင့်လည်းမရှိဘူး “လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ရုံးက အလှည့်ကျဝန်ထမ်း(၁)ဦးကပြောပါတယ်။
ရွှေတိဂုံဘုရားကို လက်ရှိမှာ နိုင်ငံခြားသားဧည့်ဝင်နူန်းက တစ်လကို ထောင်ဂဏန်းအောက်သာရှိပြီး အရင်ကနဲ့ယှဥ်ရင် အရမ်းနည်းတဲ့ပမာဏဖြစ်တယ်လို့သိရပါတယ်။
ရွှေတိဂုံဘုရားနည်းတူ ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဇုန် ၊ မန္တလေး အမွေအနှစ်ဇုန်ရဲ့ နိုင်ငံခြားသားဝင်ကြေးတွေကိုလည်း ပုံမှန်ကောက်နေတဲ့နူန်းထားထက် ၅၀၀၀ ကျပ်စီတိုးမြင့်ကောက်ခံမယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်အခြေစိုက်ဧည့်လမ်းညွှန်(၁)ဦးက ” အခု တစ်ယောက် ၂၀၀၀၀ ဆိုတာက အခုဖြစ်နေတဲ့ စျေးနူန်းတွေ၊နိုင်ငံခြားငွေစျေးတွေနဲ့ယှဥ်ရင်တော့ များတယ်လို့မပြောနိုင်ပါဘူး။ဒေါ်လာနဲ့တွက်ရင် ၃၀၀၀ စျေးဆိုရင်တောင် ၇ ဒေါ်လာလောက်ပဲကျမယ်၊ဂေါပကဖက်ကလည်း ရတဲ့ ဝင်ကြေးတွေနဲ့ ဘုရားကြီးကို ပိုပြီးထိန်းသိမ်းသင့်တယ် “လို့ မှတ်ချက်ပြုပါတယ်။
လက်ရှိ ရွှေတိဂုံဘုရားကို နေ့စဥ် မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ နိုင်ငံဖြစ်စဉ်ပြောင်းလဲပြီးချိန်ကနေ လက်ရှိအချိန်ထိ အလည်အပတ်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးနေတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံက မြဘုရားမှာဆိုရင်လည်း နိုင်ငံခြားသားဧည့်သည်ဝင်ကြေးကောက်ခံမှုအနေနဲ့ (၁)ယောက်ကို ဘတ် ၅၀၀ ကောက်ခံမှုရှိလို့ မြန်မာငွေနဲ့ဆိုရင် ၄၀၀၀၀ ကျပ်ကျော်ရှိနေပါတယ်။
#voiceofmyanmar #VOM #ရွှေတိဂုံဘုရား #နိုင်ငံခြားသားဝင်ကြေးတိုးမြှင့်