ဆူးငှက်
မန္တလေးတောင် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန္တလေးကို ပတ်လည် ဝန်းရံနေတာကရေရိပ်၊ လယ်ရိပ်များသာ ဖြစ်ခဲ့ကြောင်း အစွန်းအထင်းအစအနတွေ တွေ့နေရပါသေးသည်။
အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာလယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။
အခုတော့ … ထိုရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သောကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအောက်ကဣန္ဒြေကြီးသော မန္တလေး…။ ဒီကနေ့တော့ နိုင်လွန်ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေးမှာ သစ်၊ ဝါးအတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါးသည် ဧည့်ခန်းဆောင် ကြမ်းခင်း ပါးကေးများအဖြစ် ပါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။ တန်ဖိုးမြင့်တက်သွားတာလား…။ ရှားပါးသွားတာလားမသိ…။ မန္တလေးတောင်ထိပ် ဆုတောင်းပြည့်ရင်ပြင်မှာပင် ကွန်ကရစ်ရိပ်၊ မှန်ရိပ်၊ ကြွေရိပ်များနှင့် ခေတ်ပေါ်များကိုဆင်မြန်းထားချေပေါ့…။ ရင်ပြင်တော်ပေါ်မှာ မှန်ရိပ်ကိုနောက်ခံပြု …၊ ကြွေရိပ်ပေါ်မှာ ခြေစုံရပ်ကာ သံမဏိပိုက် ဝရံတာမှတစ်ဆင့် မန္တလေး၏ အပြောင်းအလဲတွေကို ဆင်ခြင်မိရင်း ဟို အနောက်ဘက် မင်းဝံတောင်ရိုးဆီ လှမ်းမျှော်ကြည့်မိသည်။ မင်းဝံတောင်ရိုး၊ ဧရာဝတီ၊ ဟာဟိုအုပ်အုပ်က ရှင်အရဟံသိမ် ဖြစ်မှာပေါ့…။ အဲဒီဘေးက ကူကြီးကုန်းဖြစ် မှာပေါ့…။ တောင်ဘက်နားက ထီးတစောင်းဘုရား…၊ ဒီဘက်မှာက ပြည် တိုက်…။ ဟိုဟာ ညောင်ကွဲ….။ တောင်ပေါ်မှသည်ေအာက်ခြေက နေရာတွေကို အခုလို မှန်းဆလက်ညှိုးထိုးရတာ ပျော်စရာကောင်းသော အလုပ်ဖြစ်၏။ ဆုတောင်းပြည့်ရင်ပြင်ကို မက်မောရတာကလည်း အခုလို လက်ညှိုးထိုးချင်လို့ဖြစ်ပါသည်။ ထိုအခါ အဝေးဘုရားဖူးများဖြစ်စေ၊ မိမိနှင့်အတူပါလာသူကဖြစ်စေ နေရာ တစ်နေရာကို န်ကာ “အဲဒါ ဘာလဲဟင်”ဟုမေးမှာ သေချာပေါက်ဖြစ်ပါသည်။ ထိုအရာသည် ညောင်ကွဲရပ်၊ ကွင်းပြင်ကြီးတွေ၊ ငါးကန်ကြီးတွေ ကလနားသတ်မှာပဲဖြစ်၏။ အစိမ်းရောင် ကလနားသတ်များဆီ ငေးရီနေမိသော အကြည့်ကို ရှေ့တူရူဆီ ခပ်ဖြည်းဖြည်း ရွှေ့ယူလိုက်ရင်း တစ်နေရာရောက်တော့ အကြည့်က ရှေ့မဆက်နိုင်။ အဲသည်နေရာမှာ အနုပညာတွေ အုံနဲ့ကျင်းနဲ့ ပြုံခဲခဲ့တယ်ဆိုတော့ အခုကာလ ဘယ်သူမှယုံကြမှာ မဟုတ်တော့။ အဲ့သည်နေရာက “မြောက်ပြင်ဗေဒ”
ဟု တစ်ခမ်းတနားကြီးကျယ်ခဲ့တာပဲလေ..။ တောင်ပြင်မှာက “ တာရဲတန်းဗေဒ” လို့ အခုထိ
ရေသောက်မြစ် မပြတ်ခဲ့ပဲကိုး။
××××× ××××× ×××××
လမ်း၈ဝနှင့် ၁၅လမ်းအနားရာက်လျှင်ဖြင့် လက်ဟောင်းမန္တလေးသားများအဖို့ သတိတရ ရှိမိတာက ဇာတ်မင်းသားကြီး မြို့တော်ဦးသိန်းအောင်ဖြစ်ပါသည်။ ထိုနေရာတွင် မြို့တော်အင်အားစု၊ မြို့တော် အင်အားသစ် အဝန်းအဝိုင်း နေထိုင်ကြပါသည်။ ထီးရိုးဝင်းသည် “မြို့တော်”၏ ဘူမိနက်သန် နေရာမှန်။ မန္တလေးမှာ ယခင်က အိမ်တော်ရာပိတ်ထီးများ ခေတ်စားခဲ့ဖူးသည်။ ဘာသာရေးမြို့ဖြစ်သည့်အလျောက် ရဟန်းတော်ဆောင်း ထီးလုပ်ငန်းလည်း ထွန်းကားခဲ့သည်။ ထိုထိုထီးများအတွက် ထီးရိုးများကို ပွတ်ထိုး ထုတ်လုပ်ပေးရာ နေရာမို့ ထီးရိုးဝင်းတွင်ပါသည်။ ထီးရိုးဝင်းအနီးအနားက အနုပညာနှင့် နီးစပ်ကြ၏။ ဆိုတတ်၊ တီးတတ်၊ မှုတ်တတ်၊ ကတတ်သူမရှား။ တကယ်တော့ မန္တလေးသည် တစ်မြို့လုံး အနုပညာဓာတ် စိမ့်ဝင်နေ၏။ ထိုအထဲတွင် ဇာတ် အဖွဲ့သော်လည်းကောင်း၊ တီးဝိုင်းအဖွဲ့သော်လည်းကောင်း ထူထူထောင် ရှိလာပါက တစ်ရပ်ကွက်လုံး၊ တစ်ဝင်းလုံး ထိုဇာတ်၊ ထိုတီးဝိုင်းနှင့် ဆက်စပ်သွားကြသည်။ ထို့ကြောင့် ထီးရိုးဝင်း တစ်ဝိုက်မှာ မြို့တော်အင်အားစု၊ မြို့တော် အင်အားသစ် ဖြစ်သွားတာမဆန်း …။
အခုတော့ ဇာတ်သဘင်စီးပွားရေးသည် အမျိုးသားစီးပွားရေးလုပ်ငန်းစစ်စစ်ဖြစ်သည့် အားလျော်စွာ ရေတိမ်နစ်ပါပကော။ ယခင်က တီးလုံးတီးကွက်၊ ကဇာတ်၊ ငိုချင်း၊ အော်ပရာ၊ ဇာတ်ဝင်စကား၊ ရှပ်တာအပိတ်အဖွင့် စသည့် ဇာတ်နှင့်ပတ်သက်ရာလုပ်ငန်းများကို ကျွမ်းဝင်ရင်းနှီးသူတို့သည် ထိုအရာအားလုံးကို စွန့်လွှတ်ကာ အလုပ်ဖြစ်မည့် စီးပွါးရေးခွင်များတွင် အသီးသီး စီးမျောကြပါပကော။ ကားပွဲစား၊ ပန်းထိမ်၊ ဈေးရောင်း၊ သံဂဟေ၊ စက်ချုပ်၊ အွန်လိုင်းဈေးသည်၊ မလွန်ကျောက်ဝိုင်း …။
ထိုနည်းတူ လမ်း ၈ဝ(၁၅လမ်း၊ ၁၆လမ်း) တစ်ဝိုက်မှာ တစ်ချိန်က နာမည်ကျော် တူရိယာ တီးဝိုင်းတစ်ဝိုင်း ပါ်ပေါက်ခဲ့ဖူးကာ မှတ်မိကြပါလိမ့်ဦးမည်။
“နုယဉ် … ဂီတ၊ ထံတျာတျေရှင် ဂီတနယ်ထဲစ၍ဝင် …၊
ပါရမီရင့်သန်စေဖို့ … ပင်” ဟုအစချီကာ …၊
“တစ်ထောင့်သုံးရာ နှစ်ဆယ့်တစ်မှာ ယဉ် ဖွားမြင်၊ အနုသုခုမ၊ ဂီတနယ်တွင်” ဟူသောတေးသွားဖြင့် ဘာသာရေးပွဲ၊လူမှုရေးပွဲလမ်းများတွင် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ်ခဲ့ကြသည်မှာ မြို့မ၊ သင်္ဂဟ၊ သီရိမွန်အဖွဲ့များနှင့် အပြိုင်ဖြစ်၏။ ဤသို့ဖြင့် လမ်း၈ဝပေါ်မှာ တူရိယာအသင်းကြီးများ ပေါ်ထွန်းခဲ့သည်မှာလည်း ဆရာကျော်တို့၊ ဆရာဦးထွန်းအောင်တို့ ပျိုးထောင်ခဲ့၍ဖြစ်သည်။
ဆရာကျော်သည် ရပ်ကွက်ထဲက လူငယ်လေးတွေကို စုကာ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်းများ သင်ပေး၏။ စည်းချက်၊ သံစဉ်များကို ပဲတီပင်ပေါက် ပတ်ကားနုတ်များနှင့် အဆင့်မီသင်ပေးသည်။ ထီးရိုးဝင်းတစ်ဝိုက်တွင် “ထွတ်မြတ်တဲ့ စံဌာနီ၊ လွတ်လပ်တဲ့ မြန်မာပြည်”ဟူသော တေးသွားကို ကလယ်ရီနက်ဖြင့် စမ်းသပ်မှုတ်နေသံကို တစ်နေရာမဟုတ်၊ တစ်နေရာမှ ကြားနေရမည်။
ဤအသင်းကြီးမှ“အိပ်မက်စေတမန်” လို သီချင်းမျိုး ရေးစပ်ခဲ့သည့် နာမည်ကျော် ဂီတမှူး ဦးသန်းကြွယ်…။ “တောင်ပေါ်လမ်းမှာ တချိမ့်ချိမ့်”စသည့် သီချင်းများ၊ “ပန်းသလားမေပျိုပြဇာတ်” “၉ဝ ဝန်းကျင် ဝတ္ထုတိုများ” ဖြင့် ထင်ရှားခဲ့သည့် ဝင်းစည်သံ စသည့်ပုဂ္ဂိုလ်များလည်း မွေးထုတ်ပေးခဲ့သည်။ နောက်တာ့ “နုယဉ်”သည် မြို့တော်ဇာတ်အဖွဲ့၏ အနောက်တိုင်းတူရိယာအဖွဲ့ အဖြစ် ပြောင်းလဲကာ ပါးလျား ပျောက်ကွယ်သွားတော့သည်။
မန္တလေး၏ သင်္ကြန်ညများမှာတော့ ထီးရိုးဝင်းထိပ်၊ လမ်း၈ဝပေါ်တွင်”မေနုယဉ်”ဟူသော သင်္ကြန်အကမဏ္ဍပ် နှစ်စဉ်ဆင်နွှဲနိုင်ခဲ့ပါသေးသည်။ မြောက်ပြင်တွင် မနုယဉ်၊မထားဝယ် စသည့် အကမဏ္ဍပ်များ၌ ဂျစ်ကားတွေ အမြဲ ပိတ်ဆို့နေတတ်သည်။ နောက်တော့ စီမံကိန်းင်္သကြန်ဖြစ်သွားချိန်တွင် မနုယဉ်လည်း ပျောက်ကွယ်သွားတော့သည်။
တစ်နှစ်တုန်းဆီကတော့ ဝါတွင်းအရုဏ်ခံ တီးဝိုင်းအဖွဲ့ တစ်ဖွဲ့က “င်္သကြန်ရေပွဲခါဆီ၊ ပျော်မည်၊ပျော်မည် ၊ပျော်မည်၊ ပျော်မည်၊ တေးသံစုံပွဲ၊ …ကြွလို့ယဉ်လာပြီ”ဟူသောသီချင်းအပြင် “မောင်တော် လာမယ်ဆိုဆို ရေနန်းက ကြို…” ဟူသော သီချင်းများကို ကျနစွာတီးမှုတ်ပြီးနောက် ဝေဇယန္တာ ယိုးဒယားသီချင်းကြီးကို အဝင်အထွက်များနှင့် ပိပိရိရိ တီးမှုတ်နေသံ ကြားနေရ၍ ဂရုတစိုက် ရပ်၍ နားထောင်မိသည်။
ကျွန်တော်နှင့်အတူရပ်၍ နားထောင်သူတစ်ဦးသည် “လေမှုတ်သမားတွေက အရင်” “နုယဉ်”
က လူတွေလေဗျာ၊ အလုပ်အားရက် ဥပုသ်နေ့မို့ အရုဏ်အဖွဲ့နဲ့ နေ့စားလိုက်ကြတာ”ဟုပြောပြ၏။
ဪ…“ မြောက်ပြင်ဗေဒ”(ဝါ) “ ၁၅လမ်းဗေဒ”ကတော့ အတိတ်မှာပဲ ခပ်ပျပျ…။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး