လွိုင်ကော်မှာ တိုက်ပွဲတွေအပြင်းအထန် ဆက်လက်ဖြစ်ပွားနေ

 

နိုဝင်ဘာလ ၁၅- ၂၀၂၃

GG(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး လက်ရှိမှာလည်း လေယာဉ်နဲ့ ဗုံးကြဲမှုတွေရှိနေတာကြောင့် ပုန်းခိုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အခုလက်ရှိ အ ခြေအနေမကောင်းဘူး၊ဂျက်ဖိုက်တာတွေဝဲနေတယ် ဗုံးတွေလည်းကြဲနေတယ် ဒါတိကျတဲ့အဖြေပဲ ” လို့ လွိုင်ကော်ဒေသခံတယောက်ကပြောပြပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ကို အဝင်အထွက်လည်းပိတ်ဆို့ထားသလို တိုက်ပွဲအကြားမှာ ဒေသခံတွေ လက်နက်ထိမှန်သေဆုံးတာနဲ့ ဒဏ်ရာရသူတွေပါရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” မနက်ကတည်းက ပစ်ခတ်မှုတွေရှိနေတာ၊နောင်ယားဈေးဝန်းကျင်ဆိုဖြစ်နေတာပဲ၊နာနတ်တော ရပ်ကွက်ဖက်ဆို ဗုံးကြဲခံရတာပဲ၊ ဒေါခူရွာ ဘက်လည်း ကြဲတယ်၊ ခေါင်းပေါ်မကျလာရင်တော့ဘာမှ မဖြစ်ဘူးပေါ့၊မြို့ထဲတောင် ညနေ ၃ နာရီလောက်ထိပဲ သွားလာလို့ရတယ်၊ဒါတောင်ရပ်ကွက်ထဲလောက်ပဲ၊ဟိုဖက်ရပ်ကွက်ဒီဖက်ရပ်ကွက်တောင်ကူးဖို့ မလွယ်ဘူး ” လို့ နောက်ထပ် လိုင်ကော်ဒေသခံတယောက်ကပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထေးဌားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ မိုင်းလုံးရပ်ကွက် ၊နောင်ယား မှာ KNPP ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား ထိတွေ့ တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေတဲ့ ရပ်ကွက်တွေက လွိုင်ကော်မြို့ ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ရပ်ကွက်တွေဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲမဖြစ်ဘဲကျန်နေတာ မြို့လယ်ဧရိယာတဝိုက်ပဲ ကျန်ရှိတော့တယ်လို့သိရပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ကို ကားအဝင်အထွက် အားလုံးပိတ်ထားသဖြင့်လေ ကြောင်းလိုင်းတွေလည်းပြေးဆွဲမှုရပ်သွားပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လွိုင်ကော်မြို့ တိုက်ပွဲအကြားမှာလွိုင်ကော် တက္ကသိုလ်လည်း တိုက်ခိုက်ခံရပြီးပျက်ဆီးဆုံးရှုံးမှုရှိခဲ့သလို ပိတ်မိ ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကိုကယ်ထုတ်ခဲ့ရတယ်လို့ နစက ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၃ ရက့်နေ့မှာပြောဆိုထားပါတယ်။

“လွိုင်ကော်မှာ KNPP နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့တာတွေရှိတယ်၊ ပြီးတော့အထဲမှာရှိနေတဲ့ပညာရေးဝန်ထမ်းတွေ၊ကျောင်းသားကျောင်းသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့လုပ်ခဲ့တာရှိတယ် ၊ဒါတွေကိုတော့ နယ်မြေခံတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်က ဆရာတရာမတွေကျောင်းသားကျောင်းသူတွေထိခိုက်ဒဏ်ရာမရရှိရေးဘေးကင်းရာနေရာတွေကို ပို့ဆောင်ရေးဆောင်ရွက်လျက်တဲ့အခါမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ တယ်၊သောင်းကျန်းသ ူတွေဆီကအလောင်းလက်နက် တော်တော်များများရခဲ့တယ်၊ ကျောင်းသားကျောင်းသူတွေ ဆရာဆရာမတွေကို ကယ်ထုတ်နိုင်ခဲ့တယ် ဆက်လက်ပြီး ကျန်ရှိနေသူတွေကို ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေတယ်၊ ရှင်းလင်းရေးတွေဆက်လက်ဆောင်ရွက်နေတယ် ” လို့ပြောပါတယ်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒီမောဆိုမြို့နယ်က နန်းစံခမ်း စခန်းကနေ လက်နက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှစပြီး KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်နဲ့ အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆို၊ ဒီမောဆိုနဲ့ ရှမ်းတောင် PDF တပ်ရင်းတွေ ပူးပေါင်းပြီး လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေကြတာဖြစ်တယ်လို့သိရပါတယ်။.

 

Related posts

Leave a Comment

VOM News

FREE
VIEW